ဝိနည်းအကျဉ်းချုပ် (မဟာစည်ဆရာတော်)

#Unicode

မဟာစည်ဆရာတော်၏

ဝိနည်းအကျဉ်းချုပ်

▬▬ஜ۩۞۩ஜ▬▬▬

(က) ပါရာဇိက အာပတ် ၄-ပါး

▬▬▬▬▬▬▬▬▬▬▬

၁။ ရဟန်းသည် မေထုန်မှီဝဲလျှင် ရဟန်းဘဝဆုံးရှုံး၏။

၂။ တစ်မတ်တန်ပစ္စည်းကို ခိုးဝှက်ယူလို၍ ယူမိလျှင် ရဟန်းဘဝဆုံးရှုံး၏။

၃။ လူကိုသတ်မိလျှင် ရဟန်းဘဝဆုံးရှုံး၏။

၄။ ဈာန် မဂ်ဖိုလ်တရားကို မရဘဲ ရသည်ဟု ဝါကြွားပြောဆိုမိလျှင် ရဟန်းဘဝ ဆုံးရှုံး၏။

.

(ခ) သင့်လွယ်သော

သံဃာဒိသိသ် အာပတ်များ

▬▬▬▬▬▬▬▬▬

၁။ သုတ်လွတ်အောင် အားထုတ်၍ သုတ်လွတ်သွားလျှင် သံဃာဒိသိသ် အာပတ် သင့်၏။

၂။ မာတုဂါမကို ရာဂစိတ်ဖြင့် ထိပါးသုံးသပ်လျှင် သံဃာဒိသိသ် အာပတ်သင့်၏။

၃။ မာတုဂါမအား ညစ်ညမ်းစွာ ပြက်ရယ်ပြောဆိုလျှင် သံဃာဒိသိသ် အာပတ် သင့်၏။

၄။ မာတုဂါမထံ၌ မေထုန်ကာမကိုတောင်းလျှင် သံဃာဒိသိသ် အာပတ်သင့်၏။

၅။ အောင်သွယ်စကား အသွားအပြန် ပြောဆိုမိလျှင် သံဃာဒိသိသ် အာပတ်သင့်၏။

၆။ ရဟန်းကိုမုန်းတီး၍ ပါရာဇိကဖြင့် အကြောင်းမဲ့ စွပ်စွဲလျှင် သံဃာဒိသိသ် အာပတ် သင့်၏။

.

ကုစားနည်း

အထက်ပါ အာပတ် ၆-ပါးထဲမှ တစ်ပါးပါး သင့်မိလျှင် ပရိဝတ် မာနတ်ကျင့်သုံး၍ အဗ္ဘာနကံဆောင်ပြီးမှ သီလစင်ကြယ်နိုင်သည်။

.

(၈) သင့်လွယ်သော

နိဿဂ္ဂိယ ပါစိတ်အာပတ်များ

▬▬▬▬▬▬▬▬▬▬▬

အလျား ၂၇-လက်မ၊ အနံ ၁၃-လက်မခွဲအောက် မငယ်သော အဝတ်အထည်ကို ရလျှင် ဆယ်ရက်အတွင်း အဓိဋ္ဌာန်ဝိကပ္ပနာ ပြုအပ်၏။ ထိုသို့မပြုဘဲ ဆယ်ရက်ထက် လွန်သွားလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

(ပစ္စည်းစွန့်ပြီး ဒေသနာပြောကြားလျှင် အာပတ်မှ လွတ်သည်။)

.

သင်္ကန်း ၉-ထည်

▬▬▬▬▬▬

သင်းပိုင် (အောက်ပိုင်းဝတ်သင်္ကန်း)

ဧကသီ (အပေါ်ရုံသင်္ကန်း)

နှစ်ထပ်သင်္ကန်း (သင်္ကန်းကြီး, ဒုကုဋ်)

ပရိက္ခရာအဝတ်

မိုးရေခံသင်္ကန်း

မျက်နှာသုတ်ပဝါ

နိသီဒိုင်

ကြမ်းပေါ်စသည်၌ ခင်းသောအခင်း

.

၉။ အနာလွှမ်းသင်္ကန်း (အနာဖုံးအဝတ်)

▬▬▬▬▬▬▬▬▬▬▬

သင်းပိုင်၊ ဧကသီ၊ နှစ်ထပ်သင်္ကန်း-ဟူသော ဤ ၃-ထည်ကို သူ့နာမည်နှင့်သူ အဓိဋ္ဌာန် တင်ပြီးသော အခါမှစ၍ တိစီဝရိတ် ဟုခေါ်သည်။

ရဟန်းတို့ သုံးဆောင်သော အဝတ်ဟူသမျှကို ပရိက္ခာရစောဠ ဟု ခေါ်နိုင်သည်။ ပြခဲ့သော သင်္ကန်းလျာ ၉-ထည်လုံးကိုပင် အန္တရဝါသကစသော နာမည်အသီးသီးဖြင့် အဓိဋ္ဌာန်မတင်လိုလျှင် ဤပရိက္ခာရစောဠ နာမည်ဖြင့် အဓိဋ္ဌာန်တင်နိုင်သည်။

အရေအတွက်ကို အဋ္ဌကထာ၌ မပြသောကြောင့် အများကိုပေါင်း၍လည်း အဓိဋ္ဌာန် တင်နိုင်၏။ တင်ပုံမှာ-

ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ။

စီဝရသဒ္ဒါမထည့်ဘဲ “ဣမံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ” ဟုလည်း အဓိဋ္ဌာန်တင်နိုင်၏။ ဝိကပ္ပနာပြုလောက်သော အိတ်၊ အဝတ်ရေစစ်၊ လက်ကိုင်ပဝါ၊ ခေါင်းအုံးဖုံး၊ ကုလားထိုင်ဖုံး စသည်တို့ကိုလည်း အထက်ပါ တစ်နည်းနည်းဖြင့် ပရိက္ခာရစောဠ အဓိဋ္ဌာန် တင်နိုင်၏။

ခေါင်းအုံး၊ စောင်၊ မွေ့ရာ၊ ကော်ဇောတို့ကို အခင်းသဘောမျိုး ဖြစ်သော်လည်း အဓိဋ္ဌာန်မတင်ဘဲ သုံးစွဲနိုင်သည်ဟု အဋ္ဌကထာက ဆို၏။ ခြင်ထောင်လည်း ထို သဘောတွင် ပါဝင်နိုင်ဖွယ်ရှိ၏။

၂။ ဆွေမျိုးမတော်သူ၊ ဖိတ်မထားသူတို့ထံမှ သင်္ကန်း၊ သပိတ်ကို တောင်းယူလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

(ခြွင်းချက် – အခိုးအလုခံရ၍ သင်္ကန်းမရှိသောအခါ၊ ငါးချက်တွယ်လောက်အောင် သပိတ်ချို့တဲ့သောအခါများ၌ တောင်းအပ်၏။)

၃။ ရွှေ၊ ငွေ၊ ဒင်္ဂါး၊ ပိုက်ဆံ ငွေစက္ကူတို့ကို ကိုယ်တိုင် ခံယူလျှင်ဖြစ်စေ၊ ခံယူ ခိုင်းလျှင်ဖြစ်စေ၊ ရောင်းဝယ်လျှင်ဖြစ်စေ၊ လူတို့နှင့် ဝတ္ထုပစ္စည်းချင်း လဲလှယ်လျှင် ဖြစ်စေ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

၄။ သပိတ်ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဆယ်ရက်ထက် အလွန်ထားမိလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

၅။ အကပ်ခံပြီးသော ထောပတ်၊ ဆီ၊ ပျား၊ သကြား၊ တင်လဲတို့ကို (၇) ရက်ထက် အလွန် မစွန့်ဘဲထားမိလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

.

ကလိက ၄-ပါး

▬▬▬▬▬

ဤသိက္ခာပုဒ်နှင့်စပ်၍ အကပ်ခံပြီးနောက် ကာလ အပိုင်းအခြားရှိသော ကာလိက ၄-ပါး တို့ကို သိသင့်၏။ ထိုကာလိက တို့သည်။

၁။ ယာဝကာလိက – အကပ်ခံပြီးနောက် မွန်းတည့်တိုင်အောင် သုံးဆောင်နိုင်သော ခဲဖွယ်ဘောဇဉ်။

၂။ ယာမကာလိက – အကပ်ခံပြီးနောက် နောက်တစ်နေ့ အရုဏ်မတက်မီအတွင်း သုံးဆောင်နိုင်သော အဖျော်ရည် ၈-မျိုး။

၃။ သတ္တာဟကာလိက – အကပ်ခံပြီးနောက် ၇-ရက်အတွင်း သုံးဆောင်နိုင်သော ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲ ဟူသော ဆေးမျိုးငါးပါး။

၄။ ယာဝဇီဝက – အကပ်ခံပြီးနောက် တစ်သက်လုံးသုံးဆောင်နိုင်သော ဆေးပစ္စည်း။ (ဆား စသည်) 

.

ယာဝကာလိက အစားအစာများ

▬▬▬▬▬▬▬▬▬▬▬

ထိုထိုရပ်ရွာဒေသရှိ လူတို့ ထမင်းအဖြစ် ဟင်း, ဟင်းလျာ လက်သုပ်အဖြစ်ဖြင့် ပကတိအာဟာရကိစ္စ အလို့ငှာ စားသုံးလေ့ရှိသော စားသောက်ဖွယ်များသည် ယာဝကာလိကမည်၏ဟု အချုပ်မှတ်ထားပါ။ ၎င်းတို့မှာ –

၁။ အမှုန့်ခဲဖွယ်

၂။ အမြစ်ခဲဖွယ်

၃။ အသီးခဲဖွယ်

၄။ မုန့်ခဲဖွယ် (မုန့်ကြွက်ကျစ်၊ ကတွတ်မုန့်)

၅။ နွားမမှဖြစ်သော အရသာ ၃-ပါး။ (နို့ရည်၊ နို့ဓမ်း၊ ရက်တက်)

၆။ စပါးမျိုးမှဖြစ်သော ဘောဇဉ် ၃-ပါး။ (ထမင်း၊ မယောမုန့်၊ မုန့်လုံး)

၇။ ယာဂု၊ ဟင်းရည် (ပဲဟင်း၊ အသားဟင်း၊ ငါးဟင်း)

စသော ထိုထိုမြို့နယ် ဒေသတို့၌ ခဲဖွယ်ကိစ္စ၊ ဘောဇဉ်ကိစ္စကို ပြီးစေသည့် အာဟာရများဖြစ်သည်။ ထိုတွင် ….

၁။ အမှုန့်ခဲဖွယ်ဟူရာ၌ ထောင်းထု ကြိတ်ချေအပ်သော စပါး ၇-မျိုးမှဖြစ်သည့် ဆန်မှုန့်၊ စပါးနှင့်လျော်သော ပဲမျိုးစုံမှုန့်၊ အိမ်ပိန္နဲစေ့၊ တောင်ပိန္နဲစေ့၊ ဝှေးစေ့၊ အင်ကြင်းစေ့၊ အခွံမပါအောင် သန့်စင်ထားသော ထန်းစေ့၊ အုန်းမွန်းစေ့မှုန့်နှင့် ယခုခေတ်ပေါ် ကော်ဖီ၊ ကိုးကိုး အစရှိသော ထိုထိုမြို့နယ်ဒေသတို့၌ ခဲဖွယ်ဘောဇဉ် ကိစ္စကိုပြီးစေသည့် အမှုန့်ဟူသမျှသည် အမှုန့်ခဲဖွယ်မည်၏။

၂။ အမြစ်ခဲဖွယ်ဟူရာ၌ မုန်လာမြစ် (မုန်လာဥ)၊ ဟင်းခါးမြစ်၊ ဟင်းဂလာဖိုမြစ်၊ ဟင်းချဉ်နီမြစ်၊ ဟင်းဆန်ကွဲမြစ်၊ ကြွက်နှာပေါင်းမြစ်၊ ကင်းပိမ့်မြစ်၊ ဟင်းခါးပန်းတူမြစ် စသည်ဖြင့် ဟင်းချက်၊ အချဉ်တယ်၍ စားကောင်းသည့် အမြစ်ဟူသမျှသည် အမြစ် ခဲဖွယ်မည်၏။

၃။ အသီးခဲဖွယ်ဟူရာ၌ အိမ်ပိန္နဲသီး၊ တောင်ပိန္နဲသီး၊ ထန်းသီး၊ အုန်း၊ သရက်၊ သပြေ၊ ဝှေး၊ မန်ကျည်း၊ ရှောက်သီး၊ ဘူး၊ ဖရုံ၊ သခွားငပြုတ်၊ သခွားငဆစ်၊ သခွားဖရဲ၊ တည်သီး စသည်ဖြင့် ပကတိအာဟာရ ကိစ္စအလို့ငှာ စားကြသည့် အသီး ဟူသမျှသည် အသီးခဲဖွယ်မည်၏။

သံပရာသီးကို ဟင်းလျာ လက်သုပ်ပြုလုပ်လေ့ မရှိကြ။ ရှောက်သီးကိုမူ ယခု ခေတ်ပေါ် ယိုးဒယားဟင်းချို စသည်တို့၌ လည်းကောင်း၊ ဓာတ်စာအဖြစ် လက်သုပ် လုပ်၍လည်းကောင်း ဟင်းလျာအဖြစ်ဖြင့် စားသုံးကြ၏။ ထို့ကြောင့် နေမွန်းလွဲ အခါ၌ ရှောက်သီးကို သုံးစွဲလိုမူ လူ၊ သာမဏေတို့ကို အရည်ညှစ်စေ၍ သကြားရည်၊ ထန်းရည် စသည်တို့၌ ထည့်စေပြီးလျှင် အဖတ်မပါအောင် စစ်စေပြီးမှ အကပ်ခံ ကောင်း၏။ ဆေးဖြင့်သောက်လိုလျှင်လည်း ရှောက်ရည်ကို ရေအနည်းငယ်ဖြင့် ရော၍ စစ်ပြီးမှ အကပ်ခံကောင်း၏။

အမှုန့်ခဲဖွယ်၊ အမြစ်ခဲဖွယ်၊ အသီးခဲဖွယ် ၃-မျိုးမှကြွင်းသော သစ်ဥခဲဖွယ်၊ ကြာစွယ်ကြာရင်းခဲဖွယ်၊ အညွန့်၊ အရွက်၊ အခေါက်၊ အစေ့၊ အပွင့်ခဲဖွယ်စသော ခဲဖွယ် အမျိုးမျိုးသည်လည်း အရုဏ်တက်မှသည် မွန်းတည့်အတွင်းသာ စားရသော ဤ ယာဝကာလိကတွင် ပါဝင်သည်။

.

ယာမကာလိက အဖျော်များ

▬▬▬▬▬▬▬▬▬▬

၁။ သစ်မည်စည်သီး

၂။ မုဒရက် (သပြက်)သီး

၃။ ကြာစွယ်

၄။ တောငှက်ပျောသီး

၅။ အိမ်ငှက်ပျောသီး

၆။ သရက်သီး

၇။ သပြေသီး

၈။ ဖက်သက် (မြရာ)သီး

ဟူသော ဤအသီး ၈-မျိုးမှဖြစ်သော မီးဖြင့်မချက်ရသေးသည့် ဖျော်ရည်သည် ယာမကာလိက မည်၏။ အကပ်ခံပြီးနောက် နောက်ရက် အရုဏ် မတက်မီအတွင်း သုံးဆောင်နိုင်၏။

.

အနုလောမဖျော်ရည်များ

▬▬▬▬▬▬▬▬▬

ထန်း၊ အုန်း၊ အိမ်ပိန္နဲ၊ တောင်ပိန္နဲ၊ ဘူး၊ ဖရုံ၊ သခွား၊ ငပြုတ်၊ သခွားငကြောင်၊ သခွားငဆစ် ဟူသော အသီးကြီး ၉-လုံးနှင့် စပါးသီးတို့မှ တစ်ပါးသော အသီးရည် အားလုံးကို ရေအေးနှင့်နယ်၍ စိမ်၍ဖြစ်စေ၊ နေပူလှမ်း၍ဖြစ်စေ ပြုလုပ်ထားမူ ယာမကာလိကအဖြစ် သုံးဆောင်နိုင်၏။

ဤ၌ မန်ကျည်းသီးဖျော်ရည်၊ ရှောက်သီးဖျော်ရည်၊ လိမ္မော်သီးဖျော်ရည် အစ ရှိသည်များပါဝင်သည်။ စပါး၊ ပဲနှင့် အသီးကြီး ၉-လုံးမှာ ယာဝကာလိက ဖြစ်သောကြောင့် ယာမကာလိက၌ မသွင်းနိုင်ပေ။

သစ်မည်စည်ပွင့်မှတစ်ပါး အပွင့်ရည်အားလုံးနှင့် ဟင်းရွက်ကျက်ရည်မှတစ်ပါး အရွက်ရည်အားလုံးကိုလည်း ရေအေးဖြင့်နယ်၍ စိမ်၍ဖြစ်စေ၊ နေပူလှမ်း၍ဖြစ်စေ ပြုလုပ်ထားမူ ယာမကာလိကအဖြစ် သုံးဆောင်နိုင်၏။ (သစ်မည်စည်ပွင်းကိုကား အရက်ချက်ရာ၌ အသုံးပြုသောကြောင့် ပယ်ဟန်တူသည်။)

ယင်းဖျော်ရည် အားလုံးကို ကိုယ်တိုင်မစိမ်ရ၊ မစစ်ရ။ လူ၊ သာမဏေတို့က အမှုန့် အဖတ်မပါအောင် စစ်ပြီးမှ အကပ်ခံရသည်။ လက်ဖက်ရွက်သည် လက်သုပ်လုပ်၍ ခဲဖွယ်အဖြစ်ဖြင့် စားလေ့ရှိသော ယာဝကာလိကဖြစ်သည်။ အခြောက်လှမ်းထား သော်လည်း ရေနွေးနှင့်ေ ဖျာ်လိုက်သောအခါ လက်ဖက်စိုသဘောဖြစ်သွားသည်။ ထို့ကြောင့် ရေအေးနှင့် ဖျော်ခြင်းလည်း မဟုတ်သော ကျိုချက်ထားသည့် လက်ဖက်ရည်ကို ယာမကာလိကဖျော်ရည်အဖြစ် မသုံးဆောင်သင့်ပေ။

.

သတ္တာဟကာလိကများ

▬▬▬▬▬▬▬▬

ပြခဲ့သော သတ္တာဟကာလိက ဆေးများတွင် ထောပတ်အရ ကျွဲနို့၊ နွားနို့မှဖြစ်သော ထောပတ်နှင့် လူနို့၊ မြင်းနို့ စသည်မှ ဖြစ်သော ထောပတ်အားလုံးပါဝင်၏။ ဆီဦးအရလည်း နည်းတူပင်။

ဆီအရ – နှမ်းဆီ၊ ပဲဆီ၊ သားငါးအဆီ၊ ကြက်ဆူဆီ၊ သစ်မည်စည်ဆီ၊ မုန်ညင်းဆီနှင့် ယခုခေတ်ပေါ် သစ်ရွက်ဆီ၊ ငါးကြီးဆီ၊ ကြက်ဆီစစ်စစ်တို့ကို သုံးဆောင်နိုင်သည်။

ပျားရည်အရ – သစ်ခေါင်းပျား၊ ယင်ပျား၊ ပျားပိတုန်းကြီး၊ ဝါ-ပျားငယ်၊ ပျားလတ်၊ ပျားကြီးရည်အားလုံးကို သုံးဆောင်နိုင်၏။

တင်လဲအရ – ချက်ပြီးဖြစ်စေ၊ မချက်ရသေးသည်ဖြစ်စေ အဖတ်မပါသော ကြံရည်၊ ဓနိရည်၊ ထန်းရည်အားလုံးနှင့် ၎င်းတို့မှ ဖြစ်သော ယခုခေတ်ပေါ် သကြား၊ ထန်းလျက်၊ သကာ၊ နယ်နုစသော စားသောက်ဖွယ်ရာများကိုယူ။

.

ယာဝဇီဝက အမြစ်အသီးများ

▬▬▬▬▬▬▬▬▬▬▬

နနွင်း၊ ဂျင်း၊ ဆိတ်ဖူး၊ ကြက်သွန်ဖြူ၊ လင်းလေ၊ ပန်းရင်း၊ နွားမြေရင်း၊ တိဝုတ်၊ ကုလားဆောင်မေးခါး၊ ပဉ္စမူလ အစရှိသော အမြစ်နှင့် အိပ်မွေ့သီး၊ ငရုတ်သီး၊ သမင်စာသီး၊ ပိတ်ချင်းသီး၊ မုန်ညင်းသီး၊ ကနခိုသီး၊ ကြက်ဆူသီး အစရှိသော အသီးတို့သည် တစ်သက်လုံး သုံးဆောင်နိုင်သော ယာဝဇီဝကများဖြစ်သည်။

ထို့ပြင် လူအများဟင်းချက်စားသော အရွက်မှတစ်ပါး ဝါး၊ တမာ၊ လက်ထုတ်၊ ဗြူးတား၊ ရုံးအစရှိသော အရွက်များသည် ယာဝဇီဝကများ ဖြစ်သည်။ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ပြည်ပန်းညိုရွက် စသည်တို့၌ နုသောအရွက်နှင့် မနုမရင့် အရွက် ကိုသာ ဟင်းချက်စားလေ့ ရှိကြသောကြောင့် ရင့်သောအရွက်ကိုမူ သင့်မြတ်သော ရောဂါရှိလျှင် ယာဝဇီဝကအဖြစ်ဖြင့် ညနေ၌ ထန်းလျက် စသည်နှင့် ကျို၍ သောက်နိုင်သည်။

ထို့ပြင် ကြံအစေးနှင့် အရည်ပါသော ကြံခွံမှတစ်ပါး အားလုံးသော အစေး အခွံအခေါက်သည်လည်းကောင်း၊ ဆား၊ သံ၊ ကြေးနှင့် ကျောက်သည်လည်းကောင်း၊ ပျားရည်မပါသော ပျားဖယောင်းနှင့် မှော်သည်လည်းကောင်း၊ ကောင်းစွာ မီးလောင်ပြီးသော ပြာနှင့်မီးသွေး အားလုံးသည် လည်းကောင်း၊ ကျင်ကြီး၊ ကျင်ငယ်၊ မြေညက်၊ ပြာဟူသော မဟာဝိကဋဆေးနှင့် ဟင်းချက်မစားကြသော သစ်ဥ၊ သစ်မြစ်၊ သစ်ပွင့်အမှုန့် အစရှိသည်တို့သည် လည်းကောင်း ယာဝဇီဝကများ ဖြစ်ကြသည်။

.

ယာဝဇီဝကလက္ခဏာ

▬▬▬▬▬▬▬▬

ထိုထို မြို့ရွာဒေသ၌ အာဟာရကိစ္စကို မပြီးစေနိုင်သော အမြစ်၊ အနှစ်၊ အခွံအခေါက်၊ အကာ၊ အပွင့်၊ အသီး၊ အနွယ် အားလုံးသည် ယာဝဇီဝက မည်၏ဟု အချုပ်အားဖြင့် မှတ်ပါ။

.

အပ်သောသုံးဆောင်ရာကာလ

▬▬▬▬▬▬▬▬▬▬▬

ဂိလာနဖြစ်စေ၊ အဂိလာနဖြစ်စေ ရဟန်းအားလုံးသည် အကပ်ခံရာနေ့၏ နံနက်အခါ၌ ကာလိက အားလုံးတို့ကို သုံးဆောင်နိုင်၏။ ရေဆာသကဲ့သို့ မွတ်သိပ် ဆာလောင်သောရဟန်းသည် နေမွန်းလွဲကာလ၌ ယာမကာလိကကို သုံးဆောင်နိုင်၏။ သတ္တာဟကာလိကနှင့် ယာဝဇီဝက ၂-ပါးကိုမူ ထိုဆေးနှင့် သင့်မြတ်သော အနာရောဂါဖြစ်လျှင် မွန်းလွဲကာလ၌သော်လည်း သုံးဆောင် ကောင်း၏။ ထို့ကြောင့် နံနက်ကာလ၌ကား အထူးပြောဖွယ်မရှိ။ သုံးဆောင်ကောင်းသည်ဟု မှတ်ပါ။

ကာလိက အချင်းချင်းရောလျှင် အရှည်ကာလိကများသည် အတိုဘက်ပါသည်ဟု အကျဉ်းချုပ်မှတ်ပါ။

.

မအပ်သောအသား ၁၀-မျိုး

▬▬▬▬▬▬▬▬▬▬

လူ၊ ခွေး၊ မြင်း၊ ဆင်၊ သစ်၊ ကျား၊ ခြင်္သေ့၊ ဝံ၊ အောင်း၊ မြွေဟူသော ဤအသား ၁၀-မျိုးနှင့်တကွ ၎င်းတို့၏ အရိုး၊ အရေ၊ အသား၊ အသွေး၊ အမွေးတို့ကိုပါ မသုံးကောင်းပေ။

.

(ဃ) သင့်လွယ်သော

ပါစိတ်အာပတ်များ

▬▬▬▬▬▬▬

၁။ လိမ်ပြောလျှင် ပါစိတ်အာပတ်သင့်၏။

၂။ ဆဲရေးလျှင် ပါစိတ်အာပတ်သင့်၏။

၃။ ရဟန်းအချင်းချင်းကွဲပြားအောင် ကုန်းတိုက်လျှင် ပါစိတ်အာပတ်သင့်၏။

၄။ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်၌ လူ၊ သာမဏေတို့နှင့်အတူ သုံးညဉ့်ထက် အလွန်အိပ်လျှင် ပါစိတ်အာပတ်သင့်၏။

၅။ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်၌ မာတုဂါမနှင့်အတူ ညအချိန် အိပ်နေလျှင် တစ်ညဉ့်ပင်ဖြစ်သော်လည်း ပါစိတ် အာပတ်သင့်၏။

၆။ သိနားလည်သော ယောက်ျား အဖော်မရှိဘဲ မာတုဂါမအား ၆-ပုဒ်ထက်အလွန် တရားဟောလျှင် ပါစိတ်အာပတ်သင့်၏။

၇။ မိမိရထားသော တရားထူးကို လူ၊ သာမဏေတို့အားပြောလျှင် ပါစိတ်အာပတ် သင့်၏။

၈။ အခြားရဟန်း၏ သံဃာဒိသိသ်အာပတ်ကို လူ၊ သာမဏေအားပြောလျှင် ပါစိတ် အာပတ်သင့်၏။

၉။ မြေကြီးကို တူးဆွလျှင် ပါစိတ်အာပတ်သင့်၏။

၁၀။ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးလျှင် ပါစိတ်အာပတ်သင့်၏။

၁၁။ သိက္ခာပုဒ်ဖြင့် အမေးခံရသောအခါ တလွဲကိုပြောလျှင်၊ မဖြေဘဲနေလျှင် ပါစိတ်အာပတ်သင့်၏။

၁၂။ သမ္မုတိရ သံဃာ့ဝန်ဆောင်ရဟန်းကို ကဲ့ရဲ့လျှင် ပါစိတ်အာပတ်သင့်၏။

၁၃။ သံဃိကနေရာများကို မသိမ်းဆည်းမပန်ကြားဘဲ တခြားသို့သွားလျှင် ပါစိတ်အာပတ်သင့်၏။

၁၄။ ပိုးရှိသောရေကို သောက်သုံးလျှင်၊ သွန်ပစ်လျှင် ပါစိတ်အာပတ်သင့်၏။

၁၅။ ဂိုဏ်း ဘောဇဉ်ကိုစားလျှင်၊ နောက်မှပင့်သော ဘောဇဉ်ကိုစားလျှင် ပါစိတ် အာပတ်သင့်၏။

၁၆။ ဆွမ်းစားစဉ် တန်ပြီဟု ဆိုပြီးဖြစ်ပါလျက် အတိရိက်ဝိနည်းကံ မပြုဘဲ ထပ်၍စားလျှင် ပါစိတ်အာပတ်သင့်၏။

၁၇။ မွန်းလွဲသောအခါ ခဲဖွယ်ဘောဇဉ်ကိုစားလျှင် ပါစိတ်အာပတ်သင့်၏။

၁၈။ ယခင်နေ့က အကပ်ခံထားသော ခဲဖွယ်ဘောဇဉ်ကိုစားလျှင် ပါစိတ်အာပတ် သင့်၏။

၁၉။ ထောပတ်ဆွမ်း စသည်တို့ကို မနာမဖျားဘဲတောင်းစားလျှင် ပါစိတ်အာပတ် သင့်၏။

၂၀။ အကပ်မခံဘဲ စားသောက်လျှင် ပါစိတ်အာပတ်သင့်၏။

.

အကပ်မြောက်အင်္ဂါ ၅-ပါး

▬▬▬▬▬▬▬▬▬

၁။ ပေးလိုသူ (ကပ်သူ)က ရှေးရှုဆောင်ခြင်း။ (အနည်းငယ်မျှဖြစ်စေ ညွန်စေခြင်း)

၂။ ပေးသူက ယူသူ၏ ၂-တောင့်ထွာဟတ္ထပါသ် ရောက်ခြင်း။

၃။ အားအလယ်အလတ်ရှိသူ မြှောက်နိုင်သောဝတ္ထုဖြစ်ခြင်း။

၄။ ပေးသူက ကိုယ်(လက်)ဖြင့်သော်လည်းကောင်း၊ ဇွန်း၊ ပန်းကန်စသည်ဖြင့် ထည့်၍သော် လည်းကောင်း၊ နှစ်တောင့်ထွာအတွင်းမှ လှမ်းပစ်၍ လည်းကောင်း ဤ သုံးမျိုးတွင် တစ်မျိုးမျိုးဖြင့်ကပ်ခြင်း။

၅။ ခံယူသောရဟန်းက ကိုယ်နှင့်သော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဇွန်း၊ ပန်းကန်၊ သပိတ် စသည်ဖြင့်သော် လည်းကောင်း ဤ ၂-မျိုးတွင် တစ်မျိုးမျိုးနှင့် ခံယူခြင်း။

ဤအင်္ဂါ ၅-ပါးနှင့်ညီညွတ်သော် အကပ်မြောက်၏။

ယခုခေတ်တွင် အကပ်ခံပြီးနောက် စားပွဲ၌ဝိုင်း၍ စားနေသောအခါ နောက်ထပ် ဟင်းလိုက်လာလျှင် လာလိုက်သူနှင့် အနီးဆုံးရဟန်းက စားပွဲကို ထိစပ်ကိုင် ထားခြင်းဖြင့် အကပ်ခံရသည်။ တစ်ဖက်စွန်းမှ ဝေးသောရဟန်းက ကိုင်ထားလျှင် သို့မဟုတ် တစ်ပါးမျှ ကိုင်မထားလျှင် နောက်ထပ်လိုက်သော ထိုဆွမ်းဘောဇဉ် ဟင်းလျာစသည်ကို ပြန်၍အကပ်ခံရမည်။

.

အကပ်ပျက်ကြောင်းများ

▬▬▬▬▬▬▬▬▬

၁။ အကပ်ခံသူရဟန်း သိက္ခာချခြင်း

၂။ သေခြင်း

၃။ လိင်ပြန်ခြင်း

၄။ ငဲ့ကွက်ခြင်းမရှိသောစွန့်ခြင်း (၂-ပါး၊ ၃-ပါးစသည် ပိုင်ဆိုင်ရာ၌ တစ်ဦးတစ်လေက စွန့်သော်လည်း အကပ်မပျက်။)

၅။ လုယူခြင်း

၆။ လူ၊ သာမဏေအား ပေးခြင်းဟူသော ဤ ၆-ပါးသည် အကပ်ပျက်ကြောင်း များဖြစ်သည်။

.

(ဆောင်)

စွန့်၊ ချ၊ ပေး၊ လု၊ မစ္စု၊ လိင်ပြန် ဤခြောက်တန်၊ ကပ်ခံပျက်ကြောင်းတည်း။

(ထို့ကြောင့် ကပ်ထားပြီးစားဖွယ်ကို လူ၊ သာမဏေက ကိုင်ရုံ၊ ထိရုံ၊ နေရာ ရွှေ့ပေးရုံမျှဖြင့် အကပ်မပျက်ဟု မှတ်ရာ၏။)

၂၁။ ဆိတ်ကွယ်ရာ၌ မာတုဂါမနှင့်နေထိုင်လျှင် ပါစိတ်အာပတ်သင့်၏။

၂၂။ သေရည်သေရက်ကိုသောက်လျှင် ပါစိတ်အာပတ်သင့်၏။

၂၃။ ကလိထိုး၍ကစားလျှင် ပါစိတ်အာပတ်သင့်၏။

၂၄။ ပုဂ္ဂိုလ်နှင့်တရားကို မရိုသေလျှင် ပါစိတ်အာပတ်သင့်၏။

၂၅။ ကြောက်လန့်အောင် ခြောက်လှန့်ပြောဆိုလျှင် ပါစိတ်အာပတ်သင့်၏။

၂၆။ ကပ္ပဗန္ဓုမထိုးဘဲ သင်္ကန်းကိုဝတ်လျှင် ပါစိတ်အာပတ်သင့်၏။

၂၇။ ရဟန်း၏ပစ္စည်းကို ကျီစားလို၍ ဝှက်ထားလျှင် ပါစိတ်အာပတ်သင့်၏။

၂၈။ တိရစ္ဆာန်ကိုသတ်လျှင် ပါစိတ်အာပတ်သင့်၏။

၂၉။ ရဟန်း၏ ဂရုကအာပတ်ကို ဖုံးကွယ်ထားလျှင် ပါစိတ်အာပတ်သင့်၏။

၃၀။ မာတုဂါမနှင့်တိုင်ပင်၍ အတူခရီးသွားလျှင် ပါစိတ်အာပတ်သင့်၏။

၃၁။ သိက္ခာပုဒ်ဖြင့် အပြောခံရသောအခါ အခြားရဟန်းကို မေးမြန်းပြီးမှ ကျင့်နိုင်မည် ဆိုလျှင် ပါစိတ်အာပတ်သင့်၏။

၃၂။ ရဟန်းကို စိတ်ဆိုး၍ရိုက်လျှင် ပါစိတ်အာပတ်သင့်၏။

၃၃။ ရဟန်းကို သံဃာဒိသိသ်အာပတ်ဖြင့် အကြောင်းမဲ့စွပ်စွဲလျှင် ပါစိတ်အာပတ် သင့်၏။

၃၄။ ရဟန်းအား ကုက္ကုစ္စဖြစ်စေလျက် စိတ်ဆင်းရဲအောင် ပြောဆိုလျှင် ပါစိတ် အာပတ်သင့်၏။

၃၅။ သံဃိကလှူရန် ရည်စူးထားသော လာဘ်ကို ပုဂ္ဂိုလ်အားပေး လှူစေလျှင် ပါစိတ်အာပတ်သင့်၏။

၃၆။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ မွန်းလွဲပိုင်း၊ ညပိုင်း၌ ရွာထဲမြို့ထဲ သို့သွားလျှင် ပါစိတ်အာပတ်သင့်၏။

.

ကုလဒူသန (၈)ပါး

▬▬▬▬▬▬▬

၁။ ပန်းပေးခြင်း

၂။ တံပူပေးခြင်း

၃။ သစ်သီးပေးခြင်း

၄။ ဆပ်ပြာပေးခြင်း

၅။ မြေညက်ပေးခြင်း

၆။ ဝါးပေးခြင်း

၇။ စေခိုင်းရာသို့သွားခြင်း

၈။ ဆေးကုခြင်း

.

အနေသန (၂၁)ပါး

▬▬▬▬▬▬▬

၁။ လာဘ်ကိုမျှော်၍ ပန်းပေးခြင်း

၂။ သစ်သီးပေးခြင်း

၃။ သစ်ရွက်ပေးခြင်း

၄။ တံပူပေးခြင်း

၅။ မျက်နှာသစ်ရေပေးခြင်း

၆။ ချိုးရေပေးခြင်း

၇။ ဆပ်ပြာပေးခြင်း

၈။ မြေညက်ပေးခြင်း

၉။ ဝါးပေးခြင်း

၁၀။ ဆေးကုခြင်း

၁၁။ ဆွမ်းပေးခြင်း

၁၂။ လက်ဆောင်ပို့ခြင်း

၁၃။ စေခိုင်းရာသို့သွားခြင်း

၁၄။ စေခိုင်းရာကိုလုပ်ခြင်း

၁၅။ ကလေးထိန်းခြင်း

၁၆။ လိုက်လျော၍ပြောခြင်း

၁၇။ အောက်ချ၍ပြောခြင်း

၁၈။ မြေယာ၏အကျိုးအပြစ်ကို ပြောဟောခြင်း

၁၉။ လယ်ယာ၏အကျိုးအပြစ်ကို ပြောဟောခြင်း

၂၀။ နက္ခတ်ဗေဒင်ဟောခြင်း

၂၁။ အင်္ဂဝိဇ္ဇာဟောခြင်း –

ဤသို့ပြုသဖြင့် ရသောပစ္စည်းကို ရဟန်းတို့မသုံးဆောင်ကောင်း။

.

ဒေသနာပြောကြားပုံ

▬▬▬▬▬▬▬

(က) သီတင်းငယ်က ပြောကြားရန်။

(ခ) သီတင်းကြီးက ပြောကြားရန်။

၁။ (က) အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။ အလုံးစုံသော အာပတ်တို့ကို တပည့်တော် ထင်ရှား ဖော်ပြပါသည်ဘုရား။

(ခ) သာဓု အာဝုသော သာဓု သာဓု။ ကောင်းပါပြီငါ့ရှင်၊ ကောင်းပါပြီ။

၂။ (က) အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာအာပတ္တိယော အာပဇ္ဇိံ၊ တာတုမှ-မူလေ ပဋိဒေသေမိ။ အကြောင်းအမျိုးမျိုးနှင့် ဆိုင်သော များစွာသော အာပတ် အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထို အာပတ်တို့ကို အရှင့်ထံမှာ ပြောကြားပါသည် အရှင်ဘုရား။

(ခ) ပဿတိ အာဝုသော တာ အာပတ္တိယော။ ထိုအာပတ်တို့ကို (အပြစ်ဟု) ရှုပါ၏လော ငါ့ရှင်။

၃။ (က) အာမ ဘန္တေ ပဿာမိ။ မှန်ပါ၊ ရှုပါ၏ ဘုရား။

(ခ) အာယတိံ အာဝုသော သံဝရေယျာသိ။ နောင်အခါမှာ စောင့်စည်းပါလေငါ့ရှင်။

၄။ (က) သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။ ကောင်းပါပြီ အရှင်ဘုရား။ ကောင်းကောင်းစောင့်စည်းပါမည်။

(ခ) သာဓု အာဝုသော သာဓု သာဓု။ ကောင်းပေစွငါ့ရှင်၊ ကောင်းပေစွ။

.

မှတ်ချက်

ပါဠိသက်သက်ကိုသာ ကျက်မှတ်၍ ရွတ်ဆိုရန်လိုပါသည်။ မြန်မာပြန်များမှာ နားလည်ရန်အတွက်မျှသာ ပြထားသည်။

.

၁။ သင်္ကန်းကို ဝတ်ရုံတိုင်း ဆင်ခြင်ရန်

▬▬▬▬▬▬▬▬▬▬▬

ချမ်းပူကိုဖျက်၊ ခြင်မှတ်လေနေ၊

ကင်းမြွေ လွှဲသုန်၊ ဟိရီဂုဏ်ကို၊

ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊

လုံပါစေလို၊ ကိုယ်ကိုစံပယ်၊

ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မတမ်း၊

ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင်ပါသတည်း။

ဤသင်္ကန်းကို မချမ်းရအောင် ဝတ်ရုံရသည်။ မပူရအောင် ဝတ်ရုံရသည်။ ခြင်၊ မှတ်၊ မြွေ၊ ကင်း မကိုက်ရအောင် ဝတ်ရုံရသည်။ လေ၊ နေပူမထိအောင် ဝတ်ရုံရသည်။ ယင်ကောင်၊ ပိုးမွှား မနားမအုံရအောင် ဝတ်ရုံရသည်။ ကိုယ်အင်္ဂါ လုံခြုံအောင် ဝတ်ရုံရသည်။

.

၂။ ကျောင်း အိပ်ရာသို့ဝင်တိုင်း ဆင်ခြင်ရန်

▬▬▬▬▬▬▬▬▬▬▬

ချမ်းပူကိုဖျက်၊ ခြင်မှတ်လေနေ၊

ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊

မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊

နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

ဤ ကျောင်းအိပ်ရာနေရာကို မချမ်းရအောင် သုံးဆောင်ရသည်။ မပူရအောင် သုံးဆောင်ရသည်။ ယင်ကောင်၊ ပိုးမွှား မနား မအုံရအောင် သုံးဆောင်ရသည်။ ရာသီဥတုကြောင့် မကျန်းမမာမဖြစ်ရအောင် သုံးဆောင်ရသည်။ ဆိတ်ငြိမ်မှုရအောင်

သုံးဆောင်ရသည်။

.

၃။ ဆွမ်းလုတ်တိုင်း ဆင်ခြင်ရန်

▬▬▬▬▬▬▬▬▬▬▬

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊

မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊

ပြည့်ြုဖိးခြင်းငှာ၊ မသုံးပါဘူး၊

လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊

ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊

မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊

ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊

မဖြစ်စေရ၊ ယာပိုက်မျှလစ်၊

ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊

ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ဤစားဖွယ်သောက်ဖွယ်များကို ပျော်ရွှင်ဖို့၊ မာန်တက်ဖို့၊ လှပဖို့၊ ဝဖြိုးဖို့ စားသုံးသည်မဟုတ်။ ဤကိုယ်ကာယ တည်မြဲ တည်နိုင်အောင်၊ မျှတနိုင်အောင်၊ ဆာလောင်မှုကင်းအောင် စားသုံးရသည်။ သီလ၊ သမာဓိ၊ ပညာအကျင့်ကို ကျင့်နိုင်အောင် စားသုံးရသည်။ ဒုက္ခဝေဒနာဟောင်းများ ပျောက်အောင်၊ ဒုက္ခဝေဒနာ အသစ် မဖြစ်အောင် စားသုံးရသည်။ ကဲ့ရဲ့ဖွယ် အပြစ်ကင်းအောင်၊ ချမ်းသာစွာ နေရအောင် မသင့်တာကိုရှောင်မည်။ သင့်လျော်ရုံသာ စားသုံးမည်။

.

၄။ ဖျော်ရည်စသော ဆေးကို

သုံးဆောင်တိုင်း ဆင်ခြင်ရန်

▬▬▬▬▬▬▬▬▬▬

ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊

ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊

စွန့်ခွာပယ်လျဉ်း၊ ဆင်းရဲကင်း၍၊

လူမင်းမြတ်စွာ၊ သာသနာကို၊

ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဖို့၊

ရည်မှန်းသုံးဆောင်ပါသတည်း။

ဤဖျော်ရည် ဤဆေးပစ္စည်းကို ရေငတ်ခြင်း၊ ဗိုက်အောင့်ခြင်းစသော ရောဂါဝေဒနာ ပျောက်အောင် သုံးဆောင်ရသည်။ ဆင်းရဲငြိမ်းအောင် သုံးဆောင်ရသည်။

.

မဟာစည်ဆရာတော်

သာသနာ့ရိပ်သာ၊

ရန်ကုန်။

နေ့စွဲ ၁၃၃၅-ခု၊ 

ဝါဆိုလပြည့်ကျော် ၁၅-ရက်။

(၂၉-၇-၁၉၇၃)

.

စာညွှန်း –

ဒုလ္လဘရဟန်းသစ်အတွက် အထွေထွေသြဝါဒကထာ-

မဟာစည်ဆရာတော်

https://mega.nz/file/PMV3AB5D#G2xoQxvb1Ow6dk-NsspR8f7tSMhYiAyS07ksoWIYJzY