Category Archives: Sangha

သံဃာကို ဘယ်လိုကြည်ညိုမလဲ

သံဃာကို ဘယ်လိုကြည်ညိုရမလဲ

          အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ(စ်)ခရိုင်၊ ဆန်ဂေးဘရီယယ်မြို့မှာ ရှိတဲ့ ဒေါက်တာဦးမောင်မောင်+ဒေါ်မေယုမိသားစုတို့ရဲ့ ဓမ္မစက္ခုဓမ္မာရုံမှာပြုလုပ်တဲ့ ဓမ္မသင်တန်းမှာ သင်တန်းကို (၁)နာရီဟောပြပြီး “မေးလိုရာမေး” ဆိုတဲ့ အစီအစဉ်ကိုလဲ နောက်ဆက်တွဲအဖြစ် ထည့်ထားပါတယ်။

          အဲဒီမှာမေးတဲ့ မေးခွန်းတွေထဲက ဗုဒ္ဓဘာသာဝင်အများနဲ့ ဆိုင်တဲ့မေးခွန်းတခုကတော့ …

          “ရတနာသုံးပါးကို မတုန်မလှုပ် ယုံကြည်ရမယ်ဆိုတဲ့အထဲက သံဃာတော်ကို မတုန်မလှုပ် ယုံကြည်မှုတွင် “သံဃာ” ၏အဓိပ္ပါယ်နှင့် သံဃာကို မတုန်မလှုပ်ယုံကြည်ရန် မည်ကဲ့သို့ စိတ်ထားရမည်ကို ရှင်းပြပေးတော် မူပါဘုရား …” ။ မေးခွန်းရှင်က မခိုင်ခိုင်ဌေး (Rosemead မြို့) တဲ့။

ဖြေ။    ။ ဒီမေးခွန်းမှာ မေးထားတာ အဆင့်နှစ်ဆင့်ရှိပါတယ်။

            ပထမအဆင့်က …သံဃာ၏အဓိပ္ပါယ် တဲ့ …။

 

            “သံဃာ” ဆိုတာ “အယူဝါဒရော၊ အကျင့်သီလပါ တူညီစွာနဲ့ ကိလေသာကင်းစင်ရေးကို ကျင့်ကြံအားထုတ်တော်မူတဲ့ ပုဂ္ဂိုလ်အပေါင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ရတနာသုံးပါးအရာမှာတော့ သာသနာ့ ဝန်ထမ်းဖြစ်တဲ့ “ရှင်ရဟန်းအပေါင်း” လို့ အဓိပ္ပါယ်ရပါတယ်။

            ဒုတိယအဆင့်က … သံဃာကို မတုန်မလှုပ်ယုံကြည်နိုင်ရန် မည်ကဲ့သို့စိတ်ထားရမည်ကို ရှင်းပြပေးပါဘုရား … တဲ့။

          “မည်ကဲ့သို့စိတ်ထားရမည်” ဆိုတာကတော့ သံဃာ့ဂုဏ်တော်ထဲမှာပါတဲ့အတိုင်း …

(၁) သုပ္ပဋိပန္နော = ဘုရားရှင်ဟောကြားတော်မူတဲ့အတိုင်း ကောင်းမွန်မှန်ကန်စွာ ကျင့်တော်မူပါပေ၏။

(၂) ဥဇုပ္ပဋိပန္နော = ဖြောင့်မတ်တည့်မှန်စွာ ကျင့်တော်မူပါပေ၏။

(၃) ဥာယပ္ပဋိပန္နော = နိဗ္ဗာန်နဲ့ထိုက်တန်အောင် ကျင့်တော်မူပါပေ၏။

(၄) သာမိစိပ္ပဋိပန္နော= ရိုသေလေးစားစွာ ကျင့်တော်မူပါပေ၏။

(၅) အာဟုဏေယျော = ရှေးရှုကော်ရော် ပူဇော်သည်ကို ခံတော်မူထိုက်ပါပေ၏။

(၆) ပါဟုဏေယျော = အထူးပြုလုပ်ပူဇော်သည်ကို ခံတော်မူထိုက်ပါပေ၏။

(၇) ဒက္ခိဏေယျော = နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းသည်ကို ခံတော်မူထိုက်ပါပေ၏။

(၈) အဉ္ဇလီကရဏီယျော = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်ပါပေ၏။

(၉) အနုတ္တရံ ပုညခေတ္တံ လောကဿ = လူအပေါင်း၏ ကောင်းမှုကို စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ် ဖြစ်တော်မူပါပေ၏ … လို့ အာရုံပြု နှလုံးသွင်းတဲ့ စိတ်ထားရမှာပါ။

          မေးခွန်းရှင်က တစ်သက်လုံး “သံဃံ သရဏံ ဂစ္ဆာမိ”  ဆိုလာခဲ့ပြီး အခုမှ “မည်ကဲ့သို့စိတ်ထားရမည်” ဆိုတဲ့အချက်ကို မေးမြန်းတာကို အကဲခတ်ကြည့်ရတာ “သံဃာ” ထဲမှာအပါအဝင်ဖြစ်တဲ့ အချို့ရဟန်းတော် များအပေါ်မှာ ကြည်ညိုစိတ်ထားဖို့ အမြင်မကြည်လင်စရာတွေ ကြားနေ၊ မြင်နေရတဲ့ ပြဿနာနဲ့ ကြုံနေရတဲ့ သဘောမျိုး ရှိပုံရတယ်နော်။

          ဒီလိုစိတ်ထားမျိုး ရှေးကလဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေအပေါ် မကြည်လင်တဲ့အတွက် မိလိန္ဒမင်းကြီးမှာ ဖြစ်ပေါ်ခဲ့ဖူးပုံရပါတယ်။ မိလိန္ဒမင်းကြီးက အရှင်နာဂသေနမထေရ်ကို ဒီသဘောမျိုးနဲ့ အဓိပ္ပါယ်တူတဲ့ မေးခွန်းကို မေးလျှောက်ဖူးတယ်။

          ဒီအမေးနဲ့ပတ်သက်ပြီး အရှင်နာဂသေနမထေရ်ရဲ့ ဖြေကြားချက်ကလဲ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ မှတ်သားဖို့အတော်လေးကောင်းပါတယ်။ အရှင်နာဂသေနရဲ့အဖြေကတော့ …

          “မင်းကြီး … လောကမှာ ရေဆိုတာ ကျိုက်ကျိုက်ဆူအောင် ပူလောင်နေတယ်ဆိုစေဦးတော့၊ မီးတောက်မီးခဲကိုတော့ ငြိမ်းစေနိုင်ပါတယ်။

          ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့မှာ အသင်မင်းကြီးတွေ့ရသလို ကိလေသာအပူမကင်းတဲ့အပြုအမူ တွေ ရှိနေတယ်ဆိုစေဦးတော့၊ သူတို့ရဲ့ကိလေသာအပူက ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးပူမျိုးသာဖြစ်တယ်။ လူဝတ်ကြောင်ပုထုဇဉ်တို့မှာရှိနေတဲ့ ကိလေသာအပူတွေက မီးတောက်မီးခဲလို အပူတွေဖြစ်တယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လဲ ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ်။

          မင်းကြီး … လောကမှာ ရေဟာ သောက်သုံးဖို့မဆိုထားနှင့်၊ ခြေဆေးဖို့လောက်တောင် မဖြစ်နိုင် လောက်တဲ့ ရွှံ့နွံရေပင်ဖြစ်စေဦးတော့၊ မစင်အညစ်အကြေးကိုတော့ ဆေးကြောဖယ်ရှားနိုင်ပါတယ်။

          ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေက ကိလေသာတွေနဲ့နောက်ကျုနေတဲ့ ရွှံ့နွံရေ လောက်ပဲရှိတယ်။ လူဝတ်ကြောင်ပုထုဇဉ်တွေရဲ့ ကိလေသာအညစ်အကြေးတွေကတော့ မစင်အညစ် အကြေးလောက်ရှိနေတယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လဲ ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ်။

          မင်းကြီး … စားကောင်းတဲ့သစ်သီးတစ်လုံးဟာ အပုပ်အနာတွေမကင်းဘူးဆိုရင်တောင်မှ အလွန့်အလွန်ဆာလောင်မွတ်သိပ်နေသူရဲ့ ဝမ်းမီးအပူကိုတော့ ငြိမ်းပေးနိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ပုထုဇဉ် ရဟန်းအချို့ရဲ့ အပြုအမူတွေဟာ အပုပ်အနာမကင်းတဲ့သစ်သီးလို ဖြစ်နေတယ်ဆိုစေဦးတော့၊ သံသရာတလျှောက်လုံး ကိလေသာအဆာဓာတ်တွေနဲ့  ပူလောင်နေကြတဲ့ ပုထုဇဉ်လူဝတ်ကြောင်တို့ရဲ့ စိတ်အပူဓာတ်ကိုတော့ “အရဟတ္တဇ” လို့ခေါ်တဲ့ ဘုရားအမွေတော် သင်္ကန်းရောင်ကလေးကပင် ငြိမ်းအေးစေ နိုင်ပါပေတယ်လို့ နှလုံးသွင်းလိုက်ရင် ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ် … တဲ့။

          သံဃာကို ကြည်ညိုတတ်တဲ့စိတ်ကလေး ဖြစ်ပေါ်လာစေဖို့ “ယောနိသော မနသီကာရ” လို့ခေါ်တဲ့ ကုသိုလ်ဖြစ်အောင်တွေးပုံကလေးတွေကို အရှင်နာကသေနက ဖြေဆိုပေးလိုက်တာပါ။ ဒါကို ဗုဒ္ဓဘာသာ ဝင်တိုင်း အတုယူလိုက်နာကြရင် အကုသိုလ်ကင်းပြီး ကုသိုလ်တိုးပွားနိုင်ပါလိမ့်မယ်။

————————————————————————————-

          ဒီမေးခွန်းနဲ့ဆက်စပ်ပြီးတော့ မေးခွန်းထဲမှာမပါပေမယ့် နည်းနည်းပြောချင်တာရှိပါတယ်။

          တချို့က “သံဃာဆိုတိုင်း အတုမှန်းမသိ၊ အစစ်မှန်းမသိဘဲ ကြည်ညိုလှူဒါန်းပူဇော်နေတော့ရော၊ အစစ်အမှန်မဟုတ်ဘဲ လှူဒါန်းပူဇော်တာ ဘာအကျိုးရှိမှာလဲ” ဆိုတဲ့ သံသယမျိုးလဲ ရှိတတ်ပါတယ်။ ဒါမျိုး မေးမြန်းတာလဲ ကြုံဖူးတယ်။

          ဒါနဲ့ပတ်သက်ပြီး ကြားရဖူးတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်တာပါ။

          အင်းဝခေတ်မှာ ရှင်ဘုရင်တစ်ပါးက တစ်ညမှာ အိပ်မက် ထူးထူးခြားခြားမက်တယ်။ သူ့အိပ်မက်က “ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး သူ့နန်းတော်အထိ ဆွမ်းခံကြွလာလို့ သူကိုယ်တိုင်ရဟန္တာမထေရ်မြတ်ကြီးကို

 ဆွမ်းလောင်းလှူလိုက်ရတယ်” လို့ မက်တာတဲ့။

          နောက်နေ့ ပွဲတော်တည်ဖို့ ပြင်ဆင်ပြီးရောက်လာတော့ ရှင်ဘုရင်ကြီးက သူ့အိပ်မက်ကို ပြောပြပြီး “နေကြဦး၊ မွန်းမတည့်မချင်း ငါပွဲတော်မတည်ဘူး၊ ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာရင် စားဦးစားဖျား လောင်းလှူနိုင်အောင် စောင့်မယ်” ဆိုပြီး ပွဲတော်မတည်သေးဘဲ ဒီအတိုင်းအသင့်ပြင်ပြီး စောင့်နေသတဲ့။

          အဲဒီအချိန်မှာ မြို့ပြင်က သုဿန်ဇရပ်မှာနေကြတဲ့ သူတောင်းစားလင်မယားမှာ မယားက ကိုယ်ဝန် ဆောင်ထားချိန်ဖြစ်လို့ “ရှင်ဘုရင့် ပွဲတော်အုပ်ကို စားချင်တဲ့ချင်ခြင်း” ဖြစ်သတဲ့။ သူ့ချင်ခြင်း လင်ယောက်ျားကို ပြောပြတဲ့အခါ ယောက်ျားက “နင့်ချင်ခြင်းက သေပေါက်တိုးမယ့်ချင်ခြင်းကြီးဖြစ်လို့ ငါလဲ ဘာမှမတတ်နိုင်ဘူး” ဆိုပြီး ငြင်းတယ်။

          မယားက “ရှင်ယောက်ျားဖြစ်ပြီး ဒီလောက်တောင်ညံ့ရသလား။ ရှင်မသိဘူးလား၊ ဒီနိုင်ငံကရှင်ဘုရင် ကြီးဆိုတာ ရဟန်းသံဃာကို အလွန်ကြည်ညိုတယ်။ ကဲ … ရှင်ဘာမှငြင်းမနေနဲ့။ ကျုပ်ပြောသလို လုပ်ချေ၊ ရှင့်မှာ ကတုံးလဲ တုံးပြီးသားပဲ၊ သွား … ကျောင်းတိုက်တစ်ခုခုမှာ သံဃာတော်တွေမသုံးတော့ဘဲ စွန့်ပစ် ထားတဲ့ သင်္ကန်းအိုတစ်စုံနဲ့ သပိတ်အိုတစ်လုံး ရအောင်တောင်း၊ ပြီးရင် အဲဒီသင်္ကန်းကိုရုံ၊ သပိတ်ကိုပွေ့ပြီး နန်းတော်ထဲသွားပေရော့။ ရှင်ဘုရင်ကြီးက သူ့ပွဲတော်အုပ်ကို လောင်းလှူလိုက်လိမ့်မယ်” ဆိုပြီး တိုက်တွန်းလိုက်တယ်။ ယောက်ျားခမျာလဲ ခပ်ကြောက်ကြောက်ဖြစ်ပေမယ့် မယားအကြံက ဖြစ်တော့ဖြစ်နိုင်တယ်ဆိုပြီး သူပြောတဲ့အတိုင်း လုပ်ရတော့တာပေါ့။

          အချိန်ကလဲ မွန်းတည့်ခါနီးနေပြီ၊ ရှင်ဘုရင်ကြီးကလဲ သူ့အိပ်မက်အတိုင်း ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာနိုးနိုးနဲ့စောင့်နေရာက မအောင့်နိုင်တော့ဘဲ နန်းတော်ပြတင်းနားအထိထွက်လာပြီး အပြင်ကို လှမ်းမျှော်နေတုန်းမှာပဲ … ကိုယ်တော်ကြီးက ဆံပင်ကလဲ မရိတ်တာကြာတော့ ခပ်ရှည်ရှည်ကြီးနေမှာပေါ့။ သင်္ကန်း သပိတ်တွေကလဲ အိုအို နွမ်းနွမ်းတွေနဲ့။

ရှင်ဘုရင်က ဒီပုဂ္ဂိုလ်လဲမြင်လိုက်ရော၊ “ဟေ့ … ဟေ့ … အမတ်တွေ လာကြည့်ကြစမ်း၊ ဟောဟိုက ကြွလာတဲ့ကိုယ်တော်ကြီးဟာ ဆံပင်တွေလဲ ရှည်နေပြီ၊ သင်္ကန်း သပိတ်တွေလဲ အိုအိုနွမ်းနွမ်းနဲ့၊ ဧကန္တ  တောရဆောက်တည်နေတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးဖြစ်မှာသေချာတယ်၊ ကဲ … ပွဲတော်အုပ်ကို မ ခဲ့ကြ” ဆိုပြီး ကိုယ်တိုင်လဲ နန်းတော်အောက်ဆင်း စောင့်နေလိုက်သတဲ့။

          ကိုယ်တော်ချောကလဲ ခပ်ကြောက်ကြောက်နဲ့ အိနြေ္ဒဆည်ပြီး ခပ်ဖြည်းဖြည်းလျှောက်လာလို့ နန်းတော်ရှေ့လဲရောက်ရော ရှင်ဘုရင်ကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ ပွဲတော်စာတွေ သပိတ်နဲ့အပြည့် လောင်းလှူလိုက်သတဲ့။

          ကိုယ်တော်ကြီးလဲ ကြွသွားရော ရှင်ဘုရင်က သူ့အိပ်မက်ဘယ်လောက်ထိမှန်သလဲ ဆိုတာသိရအောင်  အမတ်တစ်ယောက်ကိုခေါ်ပြီး “ကိုယ်တော်ကြီးနောက်က မယောင်မလည် မျက်ခြည် မပြတ်လိုက်ကြည့်စမ်း၊ ရဟန္တာမထေရ်မြတ်ကြီးတွေဆိုတာ တောရပ်မှာနေကြတာ၊ မြို့ပြင်ရောက်ရင် ဈာန်အဘိဉာဉ်နဲ့ ကောင်းကင် ကို ပျံတက်ချင်တက်သွားလိမ့်မယ်” ဆိုပြီး လိုက်ကြည့်ခိုင်းသတဲ့။

          ကိုယ်တော်ကြီးက မြို့ပြင်လဲရောက်ရော “အသက်ဘေးကတော့ လွတ်ပြီဟဲ့” ဆိုပြီး ခပ်သွက်သွက်နဲ့ သုဿန်ဘက်ကို သုတ်ခြေတင်တော့တယ်။ အမတ်ကလဲ ခပ်သွက်သွက်နဲ့ မျက်ခြည်မပြတ် လိုက်ချောင်းရ တော့တာပေါ့။ သုဿန်ဇရပ်လဲရောက်ရော ကိုယ်တော်ကြီးက သူ့မယားကို “ကဲ … မင့်ချင်ခြင်းတော့ရခဲ့ပြီ၊ ကံကောင်းလို့ ခေါင်းမပြတ်တာပေါ့ကွာ” လို့ပြောရင်း သပိတ်ကို မယားလက်ထဲအပ်၊ သူလဲ အဝတ်တွေလဲပြီး သင်္ကန်းတွေကိုတော့ မြေထဲ ယက်ပြီး ဖို့ပစ်လိုက်တော့သတဲ့။

          ဒါကို အစအဆုံးမြင်နေရတဲ့အမတ်က “အင်း … ငါမြင်ရတဲ့အတိုင်းသာ ရှင်ဘုရင်ကြီးကို သံတော်ဦး တင်လိုက်ရင် ရှင်ဘုရင်ကြီးလဲ ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ သူ့စေတနာတွေပျက်သွားမယ်။ ဒီသူတောင်းစား လင်မယားလဲ ဇက်ပြတ်ကုန်တော့မှာပဲ” လို့တွေးပြီး အဆင်ပြေအောင် သံတော်ဦးတင်ဖို့ စဉ်းစားရင်း နန်းတော်ကို ပြန်လာတယ်။

          မြန်မာတွေ အမှတ်အပြောမှားနေတဲ့ စကားပုံတစ်ခုရှိတယ်။ “မုသားမပါ၊ လင်္ကာမချော” ဆိုတာပေါ့။ အမှန်က “မုတမပါ လင်္ကာမချော”လို့ ဆိုတာပါ။ “ဒိဋ္ဌ၊ သုတ၊ မုတ” ဆိုတာရှိတယ်။

          ဒိဋ္ဌ … ဆိုတာ မျက်ဝါးထင်ထင်မြင်ရတာ။ သုတ … ဆိုတာ နားနဲ့ဆတ်ဆတ်ကြားရတာ။ မုတ … ဆိုတာကတော့ အဲဒီ မြင်ရကြားရတာကို အချိန်အခါ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အသုံးချဖို့ နှိုင်းယှဉ်စဉ်းစားတာကို ပြောတာပါ။ “အဲဒီ မုတ ပါမှ အဆင်ပြေချောမွေ့မယ်” လို့ ဆိုလိုတဲ့စကားပုံပါ။

          အခုလဲ အမတ်က အဆင်ပြေချောမွေ့အောင်၊ နှစ်ဦးနှစ်ဘက်အကျိုးမယုတ်အောင် ဘယ်လိုလျှောက်တင်ရမလဲလို့ စဉ်းစားနေတာ။ နန်းတော်ပြန်ရောက်တော့ ရှင်ဘုရင်ကြီးက ပွဲတော်တောင် မတည်နိုင်သေးဘူး။ သူလွှတ်လိုက်တဲ့ အမတ်ပြန်အလာကို မျှော်ရင်းစောင့်နေတာ။ အမတ်လဲပြန်ရောက်လာ ရော သံတော်ဦးတင်တာကိုတောင်မစောင့်နိုင်တော့ဘူး၊ “ဘယ့်နှယ်လဲအမတ်ကြီး၊ ငါကိုယ်တော်အိပ်မက်မြင် တဲ့အတိုင်း အမှန်ပဲမဟုတ်လား” ဆိုပြီး အလောတကြီးမေးတော့တာပဲ။

          အမတ်ကြီးက “မှန်လှပါ … အရှင်မင်းကြီးအမိန့်တော်အတိုင်း ဘုရားကျွန်တော်မျိုး မျက်ခြည်မပြတ် လိုက်ကြည့်တဲ့အခါ သုဿန်ဇရပ်လဲရောက်ရော သင်္ကန်းရောင်ပျောက်သွားပါတယ်ဘုရား” လို့ သံတော်ဦးလဲ တင်လိုက်ရော ရှင်ဘုရင်ကြီးက ဝမ်းသာအားရနဲ့ “ငါဟဲ့ယောက်ျား၊ လောကမှာ ငါလို ရဟန္တာစစ်စစ်ကို ဆွမ်းလောင်းလှူခွင့်ရတဲ့လူ ခုအချိန်မှာ ဘယ်သူရှိနိုင်သေးတုံး” ဆိုပြီး လက်ခမောင်းခပ် ဝမ်းသာနေလိုက်တာ အဲဒီတစ်နပ် ပွဲတော်တောင် မတည်နိုင်တော့ဘူးတဲ့။

          အဲဒီနေ့ညနေစောင်းမှာပဲ တခြားပြည်နယ်တစ်ခုက ဆင်ဖမ်းသမားတွေက ဆင်ဖြူတော်တစ်ကောင် ရလို့ဆိုပြီး ရှင်ဘုရင်ကြီးကို လာဆက်သတဲ့။ အဲဒီရှင်ဘုရင်ကြီးလဲ ဆင်ဖြူရှင်မင်းတရားကြီးအဖြစ် ထင်ရှား သွားသတဲ့။ မုတပါလို့ လင်္ကာချောသွားတဲ့သဘောလို့လဲ ယူဆနိုင်မယ်ထင်ပါတယ်။

          ဒီနေရာမှာ ပြောလိုရင်းကတော့ ဗုဒ္ဓဘာသာဝင်တော်တော်များများကပဲ အလှူတစ်ခုအကျိုးကြီးဖို့ ဆိုတာ “အလှူခံပုဂ္ဂိုလ် မြင့်မြတ်ဖို့ အရေးကြီးတယ်” ဆိုပြီး အလှူခံပုဂ္ဂိုလ် မြတ်၊ မမြတ် ရွေးချယ်တတ်ကြသူ တွေ များနေတယ်။ ပါရမီတော်အရပြောရင် “ပုဂ္ဂိုလ်ယုတ်မြတ် ရွေးချယ်လှူတဲ့ဒါနဟာ ပါရမီမမြောက်ဘူး” လို့ ဆိုပါတယ်။ (မြန်မာလိုကြည့်ချင်ရင် တိပိဋကဆရာတော်အရှင်သုမင်္ဂလာလင်္ကာရရေးတဲ့ “ပါရမီ”ဆိုတဲ့ စာအုပ်မှာကြည့်ပါ။)

          မြတ်စွာဘုရားကလဲ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ= ပေးလှူပြုလုပ်သူရဲ့ စေတနာကိုသာ ကံလို့ ငါဘုရား ဆုံးမတယ်” လို့ မိန့်ကြားထားပါတယ်။

          အခုပြောခဲ့တဲ့ ဆင်ဖြူရှင်မင်းကြီးဆိုတာ ကိုလဲ “ဒါဟာ ဒဏ္ဍာရီတွေပါ၊ ဟုတ်ချင်မှ ဟုတ်မှာပါ” လို့ သံသယဖြစ်သူလဲ ရှိကောင်းရှိနေဦးမယ်ထင်ပါတယ်။

          ခိုင်မာထင်ရှားတဲ့ သာဓကတစ်ခုအဖြစ်နဲ့ ဝေဿန္တရာမင်းကြီးရဲ့ သားတော်၊ သမီးတော်တို့ကို လှူဒါန်းတဲ့အလှူပွဲကို အသေအချာ လေ့လာကြည့်ပါ။ ဒီအလှူပွဲဟာ ကြီးကျယ်မြင့်မြတ်လွန်းတဲ့အတွက် မြေကြီးကတောင် သာဓုခေါ်သည့်အလား သိမ့်သိမ့်တုန်အောင် ခုနှစ်ကြိမ်လှုပ်တယ်လို့ဆိုပါတယ်။ ဒီအလှူပွဲမှာ အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ဇူဇကာပုဏ္ဏားကြီးဆိုတာကတော့ အသက်ကြီး ကြီးမှ မယားငယ်ငယ်လေး ကို ယူထားတဲ့ ကိလေသာအိုး အလှူခံဆိုးကြီးဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။

          ကဲ … ဒီလောက်ဆို သံဃာကို ကြည်ညိုတတ်အောင် ဘယ်လိုစိတ်ထားရမယ်ဆိုတာလဲ သဘောပေါက်လောက်ပါပြီ။

ကုသိုလ်ဖြစ်အောင် စိတ်ထားတတ်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)

Sangha

ဂုဏ်တော် ၉-ပါး သံဃာတော် ရှိခိုး