ဥပါသကာအကြောင်း

ဥပါသကာအကြောင်း သိကောင်းစရာ  

 

ဥပါသကာဟူသည် ဘုရား,တရား,သံဃာ ရတနာသုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို ”ဥပါသကာ” ဟု ခေါ်ရ၏။ အမျိုးသမီး ဖြစ်လျှင် “ဥပါသိကာ”ဟုခေါ် သည်။မိမိ၏ခန္ဓာကိုယ်နှင့်အသက်ကို မငဲ့ကွက်ဘဲ ရတနာမြတ်သုံးပါးအား ပေးလှူခြင်း ရတနာမြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးစား အားထားခြင်း၊ ရတနာမြတ်သုံးပါး၏ တပည့်သားအဖြစ် စွဲမှတ်ခံယူခြင်း၊ ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခိုးမှု၊ ရိုသေကိုင်းရှိုင်းမှုပြုခြင်းစသော နည်းလမ်းတို့ဖြင့်ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သောပုဂ္ဂိုလ် (ဥပါသကာ၊ ဥပါသိကာမ) အဖြစ်သို့ ရောက်ရှိကြသည်။ ထိုသို့ ဥပါသကာဖြစ်ပြီးသူများကို “ဗုဒ္ဓဘာသာဝင် သူတော်စင်” ဟု သတ်မှတ်ရသည်။


ဥပါသကာတို့ ရှောင်ရန်အချက်များ

ဥပါသကာအဖြစ် ခံယူပြီးသူသည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၍ စွမ်းနိုင်ပါမူ ရှစ်ပါး၊ ဆယ်ပါးသီလများကို စောင့်ထိန်း၍ ဖော်ပြလတံ္တ့ပါ အချက်များကို ရှောင်ကြဉ်ရမည်။

(၁)    လက်နက်ရောင်းဝယ်ဖောက်ကားခြင်း၊

(၂)    လူအရောင်းအဝယ်ပြုခြင်း၊ (ကျွန်ရောင်း၊ကျွန်ဝယ်၊ ပြည့်တန်ဆာ ရောင်းဝယ်ခြင်းစသည်)

(၃)    ကြက်၊ ဝက်၊ အမဲ၊ သားငါး ရောင်းဝယ်ခြင်း၊

(၄)    မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် သေရည်သေရက် ရောင်းဝယ်ခြင်း၊

(၅)    လူကိုသေစေတတ်သည့် အဆိပ်ရောင်းဝယ်ခြင်း။

ထို့ပြင် ကာယဒုစရိုက်၊ ဝစီဒုစရိုက်မှုတို့ကို ကျူးလွန်၍ ရရှိလာသောဥစ္စာပစ္စည်းတို့ဖြင့်လည်း အသက်မွေးဝမ်းကျောင်း မပြုရ။

 


ဥပါသကာ အရည်အချင်း
 

(၁) သဒ္ဓါတရားနှင့် ပြည့်စုံရ၏။

(၂) အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏။

(၃) ကောတုဟလမင်္ဂလာခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ၊

(၄) ကံ၊ ကံ၏အကျိုးကို ယုံကြည်ရ၏။

(၅) အယူပျက်သည့် သာသနာပ အလှူခံပုဂ္ဂိုလ်တို့ကို (ပစ္စုပ္ပန်၊ သံသရာ ကောင်းကျိုးချမ်းသာကို ရည်သန်လျှက်) အရိုအသေ မပြုရ၊ မလှူဒါန်းရ။

 

 

 

ဥပါသကာ ပျက်စီးခြင်း

အထက်ပါ(၅)ပါးနှင့် သွေဖည်ဆန့်ကျင်စွာ ကျင့်သုံးပါက ဥပါသကာအဖြစ်မှ ပျက်စီးလေ၏။

 


ဥပါသကာ၏ ဂုဏ်ရည် (၁၀)ပါး

 


(၁)    ဘုရားရှင်၏ တပည့်သား သံဃာများနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှ ခံစားခြင်း၊


(၂)    ဗုဒ္ဓ၏တရားတော်ကိုသာ အလေးဂရုပြုခြင်း၊


(၃)    မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြမ်းသုံးစွဲ လှူဒါန်းတတ်ခြင်း၊


(၄)   ဘုရားသာသနာ ပျက်စီးမည့်အရေးတွေ့မြင်ပါက သာသနာတော် ကြီးပွားရာ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း၊


(၅)   အယူဖြောင့်မှန်ပြီး  လူပြိန်းတို့လက်ခံသည့်     အထူးအဆန်းမင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိအသက်ကို ပဓာနမထားဘဲ


မိမိကိုးကွယ်ရာ ဆရာ(ဘုရား)မှ   အခြား အယူပျက်သော တိတ္ထိဆရာများကို မိမိ၏ ဆရာအဖြစ် မည်သည့်အခါမျှ မရည်ညွှန်းခြင်း၊


(၆)   ကာယကံ၊ ဝစီကံကို စောင့်ထိန်းခြင်း၊


(၇)  အတူနေပုဂ္ဂိုလ်များနှင့် သင့်တင့်ညီညွတ်စွာ နေထိုင်တတ်၍ အချင်းချင်းအပေါ်  ငြူစူမှုကင်းပြီး သာသနာတော်ကို ခုတုံးလုပ်၍  


ဟန်ဆောင် ပလွှား ဝါကြွားမှု မပြုခြင်း၊


(၈)   ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊


(၉)   တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊


(၁၀)  သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း တို့   ဖြစ်သည်။  (မိလိန္ဒပဥှာ-၁၀၂)