What is Vipassana

ဝိပဿနာဆိုတာ ဘာလဲ

 

ထိုင်ကြည့်တဲ့သဘော
================

ပင်ပင်ပန်းပန်းကြီး မဟုတ်ပါ။ဥပမာ လူတစ်ယောက်က သူ့အလုပ် သူလုပ်နေတာကို လူတစ်ယောက်က သူ ဘာများ လုပ်နေသလဲလို့ ဆိုပြီးတော့ အနားသွားပြီး ထိုင်ကြည့်တဲ့သဘောပဲ။ အဲဒီလို ထိုင်ကြည့်တဲ့အခါ မပင်ပန်းပါဘူး။ အသက်လည်း တစ်မျိုးတစ်မည် ပြောင်းမရှူရပါ။ ဒီလူဘာများလုပ်နေသလဲလို့ ထိုင်ကြည့်နေသလိုလေး ရှုကြည့်ရမှာပါ။ အဲဒီလို ရှုကြည့်တော့ ရုပ်ရဲ့အလုပ်က အေးတဲ့အလုပ်၊ ပူတဲ့အလုပ်၊ တိုးတဲ့အလုပ်၊ တိုက်တဲ့အလုပ်၊ တွန်းတဲ့အလုပ်၊ ကန်တဲ့အလုပ်၊ လှုပ်တဲ့အလုပ် စသည်တွေပါ။ အဲဒီ ရုပ်အလုပ်တွေကိုသတိ၊ ဝီရိယ၊ ပညာနဲ့ စောင့်ကြည့်တဲ့အခါ ပူတဲ့အခိုက် ရုပ်တရားပါလား၊ အေးတဲ့ အခိုက် ရုပ်တရားပါလားလို့ အမြဲသိနေတာကို ဝိပဿနာရှုတယ်လို့ ခေါ်ပါတယ်။

ဒါကြောင့်-“ဝိပဿနာဆိုတာ ခန္ဓာမှာ ပညာရှေ့သွား ရှုရမည်၊ ပညာရှေ့သွား ရှုသူအား နှစ်ပါး ရုပ်နာမ်တွေ့ရမည်” လို့ မှတ်ထားကြပါ။ ရှုခါစမှာ ပထမတော့ ဆရာသမားပြောတဲ့အတိုင်း အေး နွေး တိုက် တွန်း ထိသဘောက ရုပ်တရားပဲ၊ “ရုပ်-ရုပ်” လို့ ရှုနေတာက နာမ်တရားပဲလို့ အနုမာနနည်းနဲ့ မှန်းဆ ရှုနေတာပါ။

လုပ်ယူလို့ မရပါ
============

ဆရာသမားပြောတဲ့အတိုင်း “ရုပ်-ရုပ်” နဲ့ ရှုနေရာမှ နောက်ပိုင်းမှာ ကိုယ်ပိုင်ဥာဏ်နဲ့ ဒီခန္ဓာကိုယ်မှာ ရုပ်နာမ်နှစ်ပါးပဲရှိပါလားလို့ရုပ်နာမ်ကို ပိုင်းခြားသိလာပါလိမ့်မယ်။ အဲဒီလိုသိရင် နာမ်ရုပ်ပိုင်းခြားသိတယ်လို့ ခေါ်ပါတယ်။ အဲဒီအသိကို လုပ်ယူလို့ မရပါ။ စာကျက်ယူလို့လည်း မရပါ။ “ရုပ်နာမ် မှန်စွာ၊ မြင်တွေ့လာ၊ ဉာဏ်ဟာ တက်လာသည်။” “ရုပ်နာမ် ခြင်းရာ၊ သိဖို့ရာ၊ ဆက်ကာ ကြိုးစားရှုရမည်။” ဆိုတဲ့အတိုင်း ရုပ်အမှန်ကို နာမ်အမှန်ကို မြင်တွေ့လာတယ်ဆိုကတည်းက နဂိုအနေထက် ဉာဏ်တက်သွားပါပြီ၊ အသိအမြင်ထူးသွားပါပြီ၊ အဲဒီ အသိဟာ သာမန်အသိမဟုတ်ပါ။ ဒိဋ္ဌိပြုတ်တဲ့ အသိပါ။ အဲဒီအသိကိုရဖို့အင်မတန် အရေးကြီးပါတယ်။ တရားအားထုတ်တဲ့အခါ အဲဒီ အသိကို တစ်နံပါတ် ရရမှာပါ။ နောက် ဘာဆက်လုပ်မလဲဆိုရင် အဲဒီအသိသည် ဘယ်လိုသဘော ရှိသလဲ၊ အဲဒီ နာမ်သည် ဘယ်လိုသဘော ရှိသလဲလို့ ရုပ်နာမ်သဘောကို သိအောင် ဆက်ပြီး “ရုပ်-ရုပ်” “နာမ်-နာမ်” နဲ့ ရှုရမှာပါ။ ဥပမာ အရာဝတ္ထုတစ်ခုကိုကြည့်နေရင် သူဘယ်လို သဘောရှိသလဲဆိုတာ သိလာသလို စုံထောက်တစ်ယောက်က လူတစ်ယောက်ကို စုံစမ်းထောက်လှမ်းသလို အလိုက်သင့်ကလေး ရုပ်၊ နာမ်အရှိကို စောင့်ကြည့် စောင့်ရှုရမှာပါ။

စုံထောက်တာပါ
============

ယခုလည်း တရားအားထုတ်တယ်ဆိုတာ ရုပ်နာမ်ကို စုံထောက်တာပါ။ ရုပ်ဟာ ဘယ်လိုသဘောရှိသလဲ၊ နာမ်ဟာ ဘယ်လိုသဘောရှိသလဲလို့ စောင့်ကြည့်တဲ့အခါ ဖောက်ပြန်သဘောသည် ရုပ်တရား၊ သိတဲ့ ညွတ်တဲ့သဘောသည် နာမ်တရားလို့ သိလာပါလိမ့်မယ်။ ရုပ်က ဘယ်လိုသဘော ရှိသလဲဆိုရင် ဖောက်ပြန်တဲ့သဘော၊ ဖောက်ပြန်တယ်ဆိုတာ နာလိုက်၊ ကျင်လိုက် စသည်ဖြစ်နေတာကိုခေါ်ပါတယ်။ အဲဒီ နာသဘော စသည်ကို သိတာက နာမ်ပါ။ ဖောက်ပြန်တာက ရုပ်အလုပ်၊ သိတာက နာမ်အလုပ်၊ ဉာဏ်အလုပ်ပါ။ ရုပ်တရားက ဖောက်ပြန်ပြီးရင် ပျက်သွားပါတယ်။ နာမ်တရားကလည်း သိပြီးရင် ပျက်သွားပါတယ်။ ယောဂီပုဂ္ဂိုလ်က “သြော်၊ ဒီခန္ဓာကိုယ်မှာ ရုပ်နဲ့နာမ်ပဲ ရှိတယ်။ ရုပ်ကလည်း ဖောက်ပြန်ပြီးတော့ ပျက်သွားပါတယ်။ နာမ်ကလည်း သိပြီးတော့၊ ညွတ်ပြီးတော့ ပျက်သွားတယ်။ ဒီခန္ဓာကိုယ်မှာ ခိုင်တာမြဲတာ မရှိပါလားလို့ သိလာပါလိမ့်မယ်။”

ရုပ်နာမ် ခြင်းရာ
============

“ရုပ်နာမ် ခြင်းရာ၊ သိဖို့ရာ၊ ဆက်ကာ ကြိုးစား ရှုရမည်” ဆိုတဲ့အတိုင်း ဆက်ပြီးတော့ ရှုတော့ ရုပ်၊ နာမ်နှစ်ပါးရဲ့ သဘောတရားကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ဘယ်လိုသိလာနိုသင်လဲဆိုရင်-“အခိုင်းသမား၊ နာမ်တရား၊ လုပ်သား ရုပ်ဖြစ်သည်။” -လို့ သိလာပါလိမ့်မယ်။ ပထမ ရုပ်နာမ် နှစ်ပါးပဲ ပိုင်းခြားသိပါတယ်။ ရုပ်နာမ်သဘောကို ဆက်ရှုတော့ နာမ်တရားက အခိုင်းသမားပဲလို့ သိလာပါလိမ့်မယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ သိရမှာပါ။ အဲဒီလို သိဖို့ရာ စတိ်ရှည်ရသည်။ စိတ်အေးအေးနဲ့ အချိန်များများယူပြီး ရှုကြည့်မှ သိနိုှင်မှာပါ။ ခဏကလေးနဲ့တော့ မသိနိုင်သေးပါ။ နာမ်က အခိုင်းသမား၊ ရုပ်က အလုပ်သမားဖြစ်သည့် အလျောက်၊ အခိုင်းသမား နာမ်ကလည်း ခိုင်းစရာရှိရင် ခိုင်းလိုက်၊ အလုပ်သမားဖြစ်တဲ့ ရုပ်ကလည်း နာမ်ခိုင်းသမျှ လုပ်ပါတယ်။

မျက်စိကနေပြောရင်
===============

ဘုန်းကြီးတို့ မျက်စိကေန တစ်ခုချင်း တစ်ခုချင်း ကြည့်ပြီးတော့ ပြောကြည့်ရအာင်ပ်ါ။ ကြည့်ချင်တာက နာမ်၊ တကယ်ကြည့်တာက ရုပ်ပါ။ ကြည့်ခိုင်းတာက နာမ်၊ ကြည့်တာက ရုပ်ပါ။ မျက်စိထဲမြင်ခိုက်မှာ နာမ်နဲ့ရုပ်ပဲ ရှိပါတယ်။ နားထောင်ချင်တာက နာမ်၊ နားထောင်တာက ရုပ်၊ ရှုချင်တာက နာမ်၊ ရှုတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ်၊ ထိချင်တာက နာမ်၊ ထိတာက ရုပ်၊ ကြံချင်တာက နာမ်၊ ကြံတာလည်း နာမ်ပါ။

အလိုက်သင့်ရှုပါ
==============

အဲဒီသဘောတွေကို လိုက်ပြီးတော့ အလိုက်သင့် ရှုကြည့်နေတော့ တော်တော်ကြာလာရင် ရုပ်ပဲ နာမ်ပဲ ကွဲလာမယ်။ အခိုင်းသမား၊ အလုပ်သမား ကွဲလာမယ်။ အဲဒီလို အလိုက်သင့်ကလေး လိုက်ရှုကြည့်တော့ မပင်ပန်းပါ။ ဝိပဿနာတရားဆိုတာ အထူးအဆန်း မဟုတ်ပါ။ နဂိုပကတိအတိုင်းလေးမှာ သတိလေး ပြောင်းထားလိုက်တာပါပဲ။ အသိလေးပြောင်းထားလိုက်တာပါပဲ။ နဂိုတုန်းက ငါပဲ၊ သူပဲ၊ ပုဂ္ဂိုလ်ပဲ သတ္တဝါပဲဆိုတဲ့ ငါ၊ သူသတိ၊ ပုဂ္ဂိုလ်၊ သတ္တဝါသတိကနေ ရုပ်နာမ်ပေါ် သတိပြောင်းထားလိုက်တာပဲ။ နဂိုက ခေါင်း၊ ကိုယ်၊ ခြေ၊ လက်တွေပေါ်မှာ သတိထားရာကနေ ရုပ်နာမ်အပေါ် သတိပြောင်းထားလိုက်တာပဲ။ ရုပ်နာမ်သဘော သိအောင်ပြောရရင်အသက်ရှူသွင်းချင်တာကနာမ်၊ အသက်ရှူသွင်းတာက ရုပ်ပါ။ မျက်စိဖွင့်ချင်တာက နာမ်၊ မျက်စိဖွင့်တာက ရုပ်ပါ။ ရှူသွင်းတဲ့အခါမှာ အလိုက်သင့်ကလေး စောင့်ကြည့်တော့ သိသွားပါတယ်။

ဖောက်ပြန်တယ်ဆိုတာ

ဖောက်ပြန်တယ်ဆိုတာ အသက်ရှူမသွင်းခင်က တစ်မျိုး၊ ရှူသွင်းလိုက်တော့ တစ်မျိုး၊ မျက်စိမဖွင့်ခင် ကတစ်မျိုး၊ မျက်စိဖွင့်လိုက်တော့ တစ်မျိုး၊ ပြောင်းသွားတာကို ဖောက်ပြန်တယ် ခေါ်ပါတယ်။ ရုပ်လို့ခေါ်ပါတယ်။ အဲဒီ တစ်မျိုးဖြစ်သွားခိုက်မှာ ရုပ်လို့ ရှုပါ။ နဂိုအနေကနေ နောက်တစ်မျိုး ပြောင်းသွားတဲ့အခါ နဂိုအနေ မရှိတော့ပါ။ နဂိုအနေ မရှိတာကို ပျက်သွားတယ်လို့ ခေါ်ပါတယ်။ နောက်ထပ်အသစ် ဖြစ်လာတာကို အဖြစ်လို့ ခေါ်တယ်။ အဲဒီ အဖြစ်ကလည်း အမူအရာတစ်မျိုးပြောင်းသွားတော့ အဖြစ်မရှိတော့ပါ။ ပျက်သွားပါပြီ။

ရုပ်ဖောက်ပြန် နာမ်ကသိ
=================

အဲဒီသဘောတွေကို သတိထား၊ ဝီရိယစိုက်ပြီး ဉာဏ်နဲ့ကြည့်တော့ ခန္ဓာကိုယ်မှာ ရုပ်ကဖောက်ပြန် နာမ်ကသိနေပါလား။ ဖောက်ပြန်တဲ့ ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်သွားပါလား။ သိတဲ့နာမ်ကလည်း သိပြီးတော့ ပျက်သွားပါလားလို့ သိလာလိမ့်မယ်။ “ရုပ်နာမ်နှစ်ဖြာ၊ ခိုင်းလုပ်တာ၊ ဆက်ကာရှုရမည်။” -ဆိုတဲ့အတိုင်း အခိုင်းသမား နာမ်တရားရဲ့သဘော၊ အလုပ်သမား ရုပ်တရားရဲ့သဘောကို သိအောင် ဆက်ရှုလို့ သိတာပါ။ အလိုလို အမှတ်တမဲ့နေလို့သိတာမဟုတ်ပါ။ ပြီးတော့-“ခိုင်းသားနာမ်လည်း၊ ခိုင်းရင်းပဲ၊ မမြဲပျက်ရသည်။” -ဆိုတဲ့အတိုင်း ခိုင်းသားနာမ်ကို ပြန်ကြည့်ရင် ခိုင်းသားနာမ်ကလည်း အလုပ်တစ်ခုကို နှစ်ခါပြန် မခိုင်းပါ။ တစ်ခါခိုင်းပြီး ပျက်သွားပါတယ်။ နောက်ထပ် ခိုင်းချင်တာက အသစ်နာမ်ပါ။

အသစ်အသစ်နာမ်
===============

အဲဒီလို အသစ်သစ်နာမ်ကို မြင်အောင် ရှုရမှာပါ။ ပြီးတော့-“လုပ်သားရုပ်လည်း၊ လုပ်ရင်းပဲ၊ မမြဲပျက်ရသည်။” -ဆိုတဲ့အတိုင်း နာမ်ကခိုင်းလို့်လုပ်ရတဲ့ ရုပ်တရားကလည်း တစ်ခါလုပ်ပြီးရင် ပျက်သွားပါတယ်။ အလုပ်တစ်ခုကို နှစ်ခါပြန် မလုပ်နိုင်ပါ။ တစ်ခါလုပ်ပြီးရင် တစ်ခါပျက်ပါတယ်။

ဖြစ် ပျက် မဆိုရပါ
==============

အဲဒီသေဘာကို ရှုတဲ့အခါ ယောဂီပုဂ္ဂိုလ်ဟာ “ဖြစ်-ပျက်” “ဖြစ်-ပျက်” လို့ မဆိုရပါ။ “ဖြစ်တယ်” “ပျက်တယ်” လို့လည်း မဆိုရပါ။ ဖြစ်မှန်း ပျက်မှန်း သိအောင် သတိထား ဝီရိယစိုက်ပြီး ဉာဏ်နဲ့ကြည့်နေရုံပါပဲ။ အဲဒီလို ဖြစ်မှန်း ပျက်မှန်းသိတဲ့အခါ ဖြစ်ပျက်သိပြီလို့ မတော်လိုက်နဲ့ဦး။ ရုပ်တရားကလည်း မမြဲပါလား။ နာမ်တရားကလည်း မမြဲပါလားလို့ သိတဲ့ဉာဏ်ကိုရအောင် ဆက်ရှုရပါဦးမယ်။ မမြဲပါလားလို့ သိတဲ့ ဉာဏ်ကလေးကို ရရမှာပါ။ ယခု အားထုတ်တာလည်း အဲဒီအသိဉာဏ်ကို လိုချင်လို့ အားထုတ်တာပါ။ ကြာကြာထိုင်နိုင်အောင် အားထုတ်တာမဟုတ်ပါ။ အထိုင်ကျင့်တာမဟုတ်ပါ။ ထိုင်ကောင်းအောင် အားထုတ်တာမဟုတ်ပါ။

အသိဉာဏ် ရအောင်
================

ကြာကြာရပ်နိုင်အောင် အားထုတ်တာလည်း မဟုတ်ပါ။ ရပ်ကောင်းအောင် အားထုတ်တာလည်း မဟုတ်ပါ။ ရုပ်နာမ်နဲ့ ပတ်သက်တဲ့ အသိဉာဏ်ကို ရအောင် အားထုတ်တာပါ။ အဲဒီ အသိဉာဏ်ရတော့မှ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို ပယ်နိုင်တာပါ။ ဟုတ်ပါတယ်။ မကောင်းတာကို မကောင်းဘူးလို့ သိသွားရင် မကောင်းတာကို မလုပ်တော့ပါ။ အဲဒီလို မလုပ်တာကို ပယ်တယ်လို့ ခေါ်ပါတယ်။ ကောင်းတာကို ကောင်းတယ်လို့သိရင် ကောင်းတာကို ရအောင် ကြိုးစား အားထုတ်မှာပါ။

ဘာအေရးကြီးလဲ
===============

ဒါကြောင့် ဘာအရေးကြီးလဲဆိုရင် အသိ အလိမ္မာ ဉာဏ်ပညာ အရေးကြီးပါတယ်။ အထူးမှတ်ထားရမှာက ကြာကြာထိုင်နိုင်ဖို့ မဟုတ်။ ကြာကြာရပ်နိုင်ဖို့ မဟုတ်။ အသိ အလိမ္မာ ဉာဏ်ပညာ အထူးရဖို့ပါ။ အသိ အလိမ္မာ ဉာဏ်ပညာထူး ရသွားရင် မေကောင်းတာကို မလုပ်ချင်၊ မပြောချင်၊ မကြံချင်တော့ပါ။ပယ်လိုက်ပါပြီ။ ကောင်းတာကို ရအောင် ကြိုးစားပြီး ပြု ပြော ကြံစည်ပါလိမ့်မယ်။ ယခု ပြောခဲ့တဲ့ အကျိုးတရားတွေဟာ ဝိပဿနာရဲ့ အကျိုးတရားတွေပါ။ ယခု ပြောခဲ့တဲ့ အတိုင်းဆိုရင် ဝိပဿနာ အားထုတ်ရတာ မပင်ပန်းပါ၊ ချမ်းချမ်းသာသာပါပဲ။

ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ “ဝိပဿနာဆိုတာ ဘာလဲ” စာအုပ်မှ-

 

Five benefits for making up kathina robes

These are the five benefits which a Monk gains for making up a Kathina robe after the rains retreat: Once the Robe is made up:

(1)       A Bhikkhu does not need to seek permission  (From the chief monk or community of monks he lives with) before visiting a house in order to receive alms (or do anything). 
(2)       It is not necessary to take all three robes when going anywhere (including) to a house to ask for something. (Such as medicine, alms etc) 
(3)       A group meal: A Monk can accept an invitation for a meal even if invitation is not made incorrect formal invitation speech.
(4)       A Monk can keep a lot of robes during Kathina privileges time . (Five months after Kathina robe is made).

(5)       A Bhikkhu who has Kathina  privileges can use any material/robes offered to the Sangha.

 
The Five benefits for lay people giving Kathina Robes are:

(1)  One who offers Kathina Robe could go everywhere without obstacle.

(2)  He or she doesn’t have heavy burden or difficulty with her duties.

(3) She or he can eat whatever he or she wants without getting food poisoning etc.

(4) She or he can keep material things without fear for loss.

(5)  His belongings cannot be robbed or stolen by someone.

 

ကျောင်းဝိုင်းအတွင်း ဖိနပ်စီးခြင်း ပြဿနာ

ကျောင်းဝိုင်းအတွင်း ဖိနပ်စီးခြင်းပြဿနာ

 ““ဗိမ်္ဗိသာရမင်းကြီး   ဘာကြောင့် ခြေဖ၀ါး ဓားခွဲခံရသလဲ””ဟု တိတိပပ သိချင်သူတို့က မေးမြန်းကြသည်။ ““ဗိမ်္ဗိ သာရမင်းကြီးသည် ရှေးအတိတ်ဘ၀ တစ်ခုက စေတီရင်ပြင်၌ ဖိနပ်စီးလျက် သွားခဲ့၏။ နေထိုင်ရန် ခင်းထားသော ဖျာသင်ဖြူးပေါ်၌လည်း ခြေမဆေးဘဲ နင်းခဲ့ဖူး၏။ ထိုမကောင်းမှု အကျိုးဆက် ကြောင့် ခြေဖ၀ါး ဓားခွဲခံရခြင်းဖြစ်သည်””ဟု သီလက်္ခန်္ဓ၀ဂ်္ဂအဋ္ဌကထာ (စာမျက်နှာ-၁၂၆) ၌ လာရှိပေသည်။ ဤစာပေလာ ဖြေဆိုချက်ကိုကြည့်၍ ဗိမ်္ဗိသာရမင်းကြီး ခြေဖ၀ါးဓားခွဲခံရခြင်းမှာ ကျောင်းဝိုင်း အတွင်း ဖိနပ်စီးခြင်းကြောင့်မဟုတ်ဟု ခံယူချင်ကြသည်။

အထက်ပါကျမ်းလာချက်၌ကျောင်း ၀ိုင်းအတွင်း မဟုတ်သော်လည်း “စေတီ (ဘုရား)ရင်ပြင်”ဟူသောအချက်နှင့် ဖိနပ်စီးထားခြင်း မဟုတ်သော်လည်း “ခြေမဆေးဘဲ ဖျာသင်ဖြူးပေါ်နင်းခြင်း”ဟူသောအချက်များကို အထူးသတိပြုရန် ဖြစ်ပေ၏။ ဆက်လက်တင်ပြလိုသည် မှာ “ဘုရားဝိုင်း၊ ကျောင်းဝိုင်းအတွင်း ဖိနပ်စီးခြင်း”နှင့် ပတ်သက်၍ မိမိတို့ ဘာသာစဉ်းစားကြရန် အချက်ဖြစ်သည်။

သီလက္ခန္ဓ၀ဂ္ဂပါဠိတော် (စာမျက်နှာ -၄၇) ၌ ““အဇာတသတ်မင်း ဘုရားဖူး သွားသောအခါ ကျောင်းတော်အ၀င် တံခါးမုခ်၌ မိမိစီးနင်းသွားသည့် ဆင်ယာဉ် ထက်မှဆင်း၍ ခြေထောက်သက်သက် ဖြင့်သာသွားကြောင်း””ကို လည်းကောင်း၊ သုတ်မဟာဝဂ်္ဂပါဠိတော် (စာမျက်နှာ-၈၃) ၌ ““လီစ္ဆ၀ီမင်းများ ဘုရားဖူးသွားရာ၌ လည်း ကျောင်းတော်အ၀င်တံခါးမုခ်၌ မိမိတို့ စီးနင်းသွားသော ယာဉ်များမှဆင်း ၍ ခြေထောက်သက်သက်ဖြင့်သာသွားကြောင်း””ကိုလည်းကောင်း တွေ့ရှိရပေ သည်။ (ဤအရာမျိုး အခြားများစွာရှိ သေး၏။)

ဓမ္မပဒအဋ္ဌကထာ  (ပ၊၂၂၅)  ၌ ““ဘုရားရှင်နှင့် သက်တူရွယ်တူလည်းဖြစ်၊ အလွန်လည်းအကျွမ်းဝင်သော ပသေနဒီ ကောသလမင်းကြီးသည်  (နောက်ဆုံး အကြိမ်ဖြစ်ခဲ့သော) ဘုရားရှင်ထံ အဖူး မြော်သွားရောက်ခဲ့ရာတွင် “အလွန် အလေးပြုအပ်၊ ရိုသေအပ်သော မြတ်စွာ ဘုရား၏အထံတော်သို့ ပြန့်လွင့်သော သဘောရှိသော မင်း၏အသွင်အပြင်ဖြင့် မသွားသင့်”ဟူသော ရည်ရွယ်ချက်ဖြင့် ခြေနင်းနှင့်တကွသော  မင်းမြောက် တန်ဆာငါးပါးတို့ကို (ဗန္ဓုလစစ်သေနာ ပတိ၏တူ) ဒီဃကာရာယန စစ်သေနာပတိအား ပေးအပ်ခဲ့၍ ဂန္ဓကုဋီကျောင်းတော်သို့ ၀င်ရောက်ဖူးမြော်၏””ဟု လာ ရှိပေသည်။ဤသို့ ခတ္တိယဇာတ်ဖြစ်သော ဘုရားရှင်လက်ထက်က  မင်းများပင် ကျောင်းတိုက်အတွင်း၌ ဖိနပ်မစီးကြကြောင်း တွေ့ရှိရပေ၏။

ထိုမှတစ်ပါးလည်း ပါထိက၀ဂ်္ဂအဋ္ဌ ကထာ (စာမျက်နှာ-၂၁၇) စသည်တို့၌ အဂါရ၀တရား (၆) ပါးကို ဖွင့်ပြရာဝယ် ““ဘုရားရှင်၊ စေတီတော်မြင်လောက်ရာ အရပ်၌ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း၊ ရေချိုးခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း တို့ကို ပြုခြင်းသည် ဘုရား၌ မရိုသေခြင်း၊ သတ္ထရိအဂါရ၀ မည်၏။ သံဃာအလယ်၌ ဒူးနှစ်ဖက်ကို လက်ဖြင့်ဖွဲ့ပတ်၍ ထိုင် ခြင်း၊ ပခုံးနှစ်ဖက်ကိုခြုံခြင်း၊ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်းတို့သည် သံဃာတော်၌ မရိုသေခြင်း သံဃေအဂါရ၀ မည်၏””ဟု ဖွင့်ပြတော်မူ၏။

ပရိဝါအဋ္ဌကထာ (၁၅၂) ၌ ““စေတီတော်ကိုလည်းကောင်း၊ ဗောဓိပင်ကိုလည်းကောင်း ရှိမခိုး၊ စေတီရင်ပြင်၌ ထီး၊ ဖိနပ်နှင့်တကွသွား၏။ ထိုသူသည် ဘုရား ၌ မရိုသေသောသူမည်၏””ဟုလည်း ဖွင့်ပြပေသည်။ (ဤအချက်နှင့် ဗိမ်္ဗိသာရ မင်းကြီး ငြိသဖြင့် ခြေဖ၀ါးဓားခွဲခံရခြင်း ဖြစ်လေသည်။)

ထိုမှတစ်ပါးသည် စူဠ၀ါပါဠိတော် (၃၇၄) အာဂန္တုက=ဧည့်သည်ဝတ်ပြုရာ၌ ““ဧည့်သည်ဖြစ်သော ရဟန်းသည် သူတစ်ပါး၏ ကျောင်းတိုက် အာရာမ်သို့ ၀င်မည်ကြံလျှင် ကျောင်းတိုက် ဥပစာအနီး သို့ရောက်က ဖိနပ်ချွတ်၊ ထီးရုပ်၊ ခေါင်း ခြုံကိုဖွင့်၊ ခေါင်း၌တင်သော သင်္ကန်းကို ပခုံးသို့ချ၍ မဆောမလျင် သူတစ်ပါး ကျောင်းအာရာမ်သို့ ၀င်ရမည်””ဟု ပညတ်ထားတော်မူ၏။ (ဤအရာ၌ ငါတို့ လူဝတ်ကြောင်များနှင့်မဆိုင်ဟု မယူဆသင့်၊ ရဟန်းတော်များမှာ ““အမြတ်ဖြစ် သောကြောင့်””ဒေသနာပဓာနပြု ဟောထားခြင်းဖြစ်သည်။)

ဤဆိုခဲ့ပြီးအချက်များကို ပြန်သုံးသပ်ကြည့်လျှင် ဘုရားရှင်လက်ထက်က မင်းမျိုးဖြစ်သော ဘုရင်များပင် ကျောင်းတိုက်အ၀င်တံခါးမုခ်၌ မိမိတို့စီးနင်းခဲ့သော ယာဉ်များမှဆင်းသက်၍ ခြေနင်း (ဖိနပ်)များကိုချွတ်ကာ ဘုရားရှင်ထံအဖူးမြော် ၀င်ရောက်ကြသည်ကိုလည်းကောင်း၊ ဘုရားရှင်၊ စေတီတော်မြင်လောက်ရာတို့ ၌လည်းကောင်း၊ စေတီရင်ပြင်၌လည်းကောင်း၊ သံဃာအလယ်၌လည်းကောင်း၊ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း စသည်တို့ကို ပြုခြင်းသည် ဘုရားရှင်၌ မရိုမသေခြင်း=သတ္ထရိအဂါရ၀၊ သံဃာတော်၌ မရိုသေခြင်း=သံဃေအဂါရ၀တို့မည်သည် ကိုလည်းကောင်း၊ဤအဂါရ၀ဖြစ်လောက်သော အရပ်မျိုး၌ ဖိနပ်စီးခဲ့မိခြင်းကြောင့် ဗိမ်္ဗိသာရမင်းကြီး ခြေဖ၀ါးဓားခွဲခံရသည် ကိုလည်းကောင်း၊ ဧည့်သည်ရဟန်းများကို သူတစ်ပါးကျောင်းတိုက် အာရာမ်သို့ ၀င်လျှင် ဖိနပ်ချွတ်၊ ထီးရုပ်၍ ၀င်ရမည်ဟု ဘုရားရှင်ပညတ်ထားသည်ကိုလည်းကောင်း တွေ့ရှိရမည်ဖြစ်ပေ၏။

နောက်ဆုံးအနေဖြင့်အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော စကားရပ်ကို ဖော်ပြ၍ အဆုံးသတ်လိုပေသည်။ တစ်ခါက (နော်မံကျောင်းအုပ်ဟောင်း) ဒကာကြီး ဦးပန်းရည်သည် ဆရာတော်ကို သူ့အိမ် ဆွမ်းပင့်ကျွေး၍ ဤသို့လျှောက်ထားခဲ့ဖူး ၏။

ဦးပန်းရည် ။   ။ ဆရာတော်…ဘုရား ၀င်းထဲ ဖိနပ်မစီးရဘူးလို့ ဘယ်သူက အမိန့်ထုတ်တာတုန်း ဘုရာ့။

ဆရာတော် ။   ။ ကုသိုလ်စိတ်က အမိန့် ထုတ်တာ။

ဦးပန်းရည် ။   ။ ဘုရားဝင်းခတ်ထားတဲ့ ဘုရားလူကြီးတွေက အမိန့်ထုတ်တာ မဟုတ်ပါလားဘုရား။

ဆရာတော် ။   ။ မဟုတ်ပါဘူး။ ဒကာကြီးမှာ ဘုရားကို ရိုသေတဲ့ကုသိုလ်စိတ် ကိန်းအောင်းနေတုန်းဆိုရင် ဘုရားဝင်း ထဲရောက်ရောက်၊မရောက်ရောက် ဘုရား မြင်တဲ့နေရာကစပြီး ဖိနပ်ချွတ်ရမယ်။ ဘုရားကို မထေလေးစားပြုချင်တဲ့စိတ်၊ အကုသိုလ်စိတ်ကိန်းအောင်းနေရင်ဘုရား ၀င်းထဲမှာသာ မကဘူး။ ဘုရားပလ္လင်ပေါ်ထိ ဖိနပ်စီးရဲမှာပဲ။

ထိုအခါ ဒကာကြီးဦးပန်းရည်သည် ရယ်မောလျက် ““တပည့်တော်ဘုရားကို ရိုသေတဲ့ ကုသိုလ်စိတ်ရှိပါတယ်””ဘုရား ဟု လျှောက်ထားရလေတော့သတည်း။

ဗိုလ်ကလေးအရှင်ပဏ္ဍိတ

ဓမ္မာစရိယ,M.A,Dip in Eng.သီရိလင်္ကာ

ရပ်ပြစ်ရှစ်ပါး

(ရပ်ပြစ်ရှစ်ပါး)

မဂ်ဖိုလ်တရားရအောင် အားထုတ်ခွင့် မရသောအရပ်ဖြစ်၍ “ ရပ်ပြစ်” ဟုခေါ်သည်။

(၁၊၂၊၃၊)          ဘုရားပွင့်နေဆဲ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ ( အသူရကာယ်ကို ပြိတ္တာဘုံ၌ သွင်းယူရသည်။)

(၄)               အသက်ရှည်သော နတ်ဗြဟ္မာများ ( ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်ကြ၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာတို့ဖြစ်သည်။)

အသညသတ်ဗြဟ္မာသည် ရုပ်ခန္ဓာသာရှိ၍ နာမ်ခန္ဓာမရှိ။ အရူပဗြဟ္မာသည် နာမ်ခန္ဓာသာရှိ၍ ရုပ်ခန္ဓာမရှိ။ ထို့ကြောင့် ဘုရားပွင့်သော်လည်း တရားမနာနိုင်ကြပေ။

(၅)               ဘုရားရှင်နှင့် ရဟန်းသံဃာတော်များ မရောက်နိုင်သော အစွန်အဖျား တောကြို တောင်ကြားအရပ် (ပစ္စန္တရစ်)။

(၆)               ဘုရားပွင့်ဆဲ သာသနာတော်တည်ဆဲအခါ မိစ္ဆာဒိဋ္ဌိ အယူရှိသူများ။

(၇)               တရားတော်ကို နားလည်လောက်သော ဉာဏ်မရှိသူများ။

(၈)               တရားတော်ကို တတ်သိနားလည်သောဉာဏ်ရှိသော်လည်း ဘုရားသာသနာမရှိသောအခါ လူဖြစ်ရသူများ။

————————————————————————–

(၀ိပတ္တိတရားလေးပါး)

ဖောက်ပြန်ချွတ်ယွင်းခြင်း (ပျက်စီးခြင်း)ကို ၀ိပတ္တိ ဟုခေါ်သည်။

၁။       မင်းဆိုး မင်းယုတ် အုပ်စိုးသည့်ကာလ၌ ဖြစ်ရခြင်း (ကာလ၀ိပတ္တိ)။

၂။       အပါယ်လေးဘုံ၌ ဖြစ်ရခြင်း ( ဂတိဝိပတ္တိ)။

၃။       ရုပ်ဆင်းအင်္ဂါ (ဥပဓိရုပ်) ချို့တဲ့ခြင်း (ဥပဓိဝိပတ္တိ)။

၎။       မှန်ကန်သော ကြိုးစားအားထုတ်မှု မရှိခြင်း (ပယောပ၀ိပတ္တိ)။

———————————————————————-

(ဗျသနတရား ငါးပါး)

ပျက်စီးဆုံးပါးခြင်းကို ဗျသန ဟုခေါ်သည်။

၁။       ဆွေမျိုးများ ပျက်စီးခြင်း (ဉာတိဗျသန)။

၂။       စီးပွားဥစ္စာ ပျက်စီးခြင်း ( ဘောဂဗျသန)။

၃။       အနာရောဂါဖြစ်၍ ပျက်စီးခြင်း (ရောဂဗျသန)။

၎။       မှားသောအယူ ယူမိသဖြင့် အယူမှန် ပျက်စီးခြင်း (ဒိဋ္ဌိဗျသန)။

၅။       ကိုယ်ကျင့်သီလ ပျက်စီးခြင်း ( သီလဗျသန)။

 

         

သံဃာကို ဘယ်လိုကြည်ညိုမလဲ

သံဃာကို ဘယ်လိုကြည်ညိုရမလဲ

          အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ(စ်)ခရိုင်၊ ဆန်ဂေးဘရီယယ်မြို့မှာ ရှိတဲ့ ဒေါက်တာဦးမောင်မောင်+ဒေါ်မေယုမိသားစုတို့ရဲ့ ဓမ္မစက္ခုဓမ္မာရုံမှာပြုလုပ်တဲ့ ဓမ္မသင်တန်းမှာ သင်တန်းကို (၁)နာရီဟောပြပြီး “မေးလိုရာမေး” ဆိုတဲ့ အစီအစဉ်ကိုလဲ နောက်ဆက်တွဲအဖြစ် ထည့်ထားပါတယ်။

          အဲဒီမှာမေးတဲ့ မေးခွန်းတွေထဲက ဗုဒ္ဓဘာသာဝင်အများနဲ့ ဆိုင်တဲ့မေးခွန်းတခုကတော့ …

          “ရတနာသုံးပါးကို မတုန်မလှုပ် ယုံကြည်ရမယ်ဆိုတဲ့အထဲက သံဃာတော်ကို မတုန်မလှုပ် ယုံကြည်မှုတွင် “သံဃာ” ၏အဓိပ္ပါယ်နှင့် သံဃာကို မတုန်မလှုပ်ယုံကြည်ရန် မည်ကဲ့သို့ စိတ်ထားရမည်ကို ရှင်းပြပေးတော် မူပါဘုရား …” ။ မေးခွန်းရှင်က မခိုင်ခိုင်ဌေး (Rosemead မြို့) တဲ့။

ဖြေ။    ။ ဒီမေးခွန်းမှာ မေးထားတာ အဆင့်နှစ်ဆင့်ရှိပါတယ်။

            ပထမအဆင့်က …သံဃာ၏အဓိပ္ပါယ် တဲ့ …။

 

            “သံဃာ” ဆိုတာ “အယူဝါဒရော၊ အကျင့်သီလပါ တူညီစွာနဲ့ ကိလေသာကင်းစင်ရေးကို ကျင့်ကြံအားထုတ်တော်မူတဲ့ ပုဂ္ဂိုလ်အပေါင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ရတနာသုံးပါးအရာမှာတော့ သာသနာ့ ဝန်ထမ်းဖြစ်တဲ့ “ရှင်ရဟန်းအပေါင်း” လို့ အဓိပ္ပါယ်ရပါတယ်။

            ဒုတိယအဆင့်က … သံဃာကို မတုန်မလှုပ်ယုံကြည်နိုင်ရန် မည်ကဲ့သို့စိတ်ထားရမည်ကို ရှင်းပြပေးပါဘုရား … တဲ့။

          “မည်ကဲ့သို့စိတ်ထားရမည်” ဆိုတာကတော့ သံဃာ့ဂုဏ်တော်ထဲမှာပါတဲ့အတိုင်း …

(၁) သုပ္ပဋိပန္နော = ဘုရားရှင်ဟောကြားတော်မူတဲ့အတိုင်း ကောင်းမွန်မှန်ကန်စွာ ကျင့်တော်မူပါပေ၏။

(၂) ဥဇုပ္ပဋိပန္နော = ဖြောင့်မတ်တည့်မှန်စွာ ကျင့်တော်မူပါပေ၏။

(၃) ဥာယပ္ပဋိပန္နော = နိဗ္ဗာန်နဲ့ထိုက်တန်အောင် ကျင့်တော်မူပါပေ၏။

(၄) သာမိစိပ္ပဋိပန္နော= ရိုသေလေးစားစွာ ကျင့်တော်မူပါပေ၏။

(၅) အာဟုဏေယျော = ရှေးရှုကော်ရော် ပူဇော်သည်ကို ခံတော်မူထိုက်ပါပေ၏။

(၆) ပါဟုဏေယျော = အထူးပြုလုပ်ပူဇော်သည်ကို ခံတော်မူထိုက်ပါပေ၏။

(၇) ဒက္ခိဏေယျော = နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းသည်ကို ခံတော်မူထိုက်ပါပေ၏။

(၈) အဉ္ဇလီကရဏီယျော = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်ပါပေ၏။

(၉) အနုတ္တရံ ပုညခေတ္တံ လောကဿ = လူအပေါင်း၏ ကောင်းမှုကို စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ် ဖြစ်တော်မူပါပေ၏ … လို့ အာရုံပြု နှလုံးသွင်းတဲ့ စိတ်ထားရမှာပါ။

          မေးခွန်းရှင်က တစ်သက်လုံး “သံဃံ သရဏံ ဂစ္ဆာမိ”  ဆိုလာခဲ့ပြီး အခုမှ “မည်ကဲ့သို့စိတ်ထားရမည်” ဆိုတဲ့အချက်ကို မေးမြန်းတာကို အကဲခတ်ကြည့်ရတာ “သံဃာ” ထဲမှာအပါအဝင်ဖြစ်တဲ့ အချို့ရဟန်းတော် များအပေါ်မှာ ကြည်ညိုစိတ်ထားဖို့ အမြင်မကြည်လင်စရာတွေ ကြားနေ၊ မြင်နေရတဲ့ ပြဿနာနဲ့ ကြုံနေရတဲ့ သဘောမျိုး ရှိပုံရတယ်နော်။

          ဒီလိုစိတ်ထားမျိုး ရှေးကလဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေအပေါ် မကြည်လင်တဲ့အတွက် မိလိန္ဒမင်းကြီးမှာ ဖြစ်ပေါ်ခဲ့ဖူးပုံရပါတယ်။ မိလိန္ဒမင်းကြီးက အရှင်နာဂသေနမထေရ်ကို ဒီသဘောမျိုးနဲ့ အဓိပ္ပါယ်တူတဲ့ မေးခွန်းကို မေးလျှောက်ဖူးတယ်။

          ဒီအမေးနဲ့ပတ်သက်ပြီး အရှင်နာဂသေနမထေရ်ရဲ့ ဖြေကြားချက်ကလဲ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ မှတ်သားဖို့အတော်လေးကောင်းပါတယ်။ အရှင်နာဂသေနရဲ့အဖြေကတော့ …

          “မင်းကြီး … လောကမှာ ရေဆိုတာ ကျိုက်ကျိုက်ဆူအောင် ပူလောင်နေတယ်ဆိုစေဦးတော့၊ မီးတောက်မီးခဲကိုတော့ ငြိမ်းစေနိုင်ပါတယ်။

          ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့မှာ အသင်မင်းကြီးတွေ့ရသလို ကိလေသာအပူမကင်းတဲ့အပြုအမူ တွေ ရှိနေတယ်ဆိုစေဦးတော့၊ သူတို့ရဲ့ကိလေသာအပူက ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးပူမျိုးသာဖြစ်တယ်။ လူဝတ်ကြောင်ပုထုဇဉ်တို့မှာရှိနေတဲ့ ကိလေသာအပူတွေက မီးတောက်မီးခဲလို အပူတွေဖြစ်တယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လဲ ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ်။

          မင်းကြီး … လောကမှာ ရေဟာ သောက်သုံးဖို့မဆိုထားနှင့်၊ ခြေဆေးဖို့လောက်တောင် မဖြစ်နိုင် လောက်တဲ့ ရွှံ့နွံရေပင်ဖြစ်စေဦးတော့၊ မစင်အညစ်အကြေးကိုတော့ ဆေးကြောဖယ်ရှားနိုင်ပါတယ်။

          ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေက ကိလေသာတွေနဲ့နောက်ကျုနေတဲ့ ရွှံ့နွံရေ လောက်ပဲရှိတယ်။ လူဝတ်ကြောင်ပုထုဇဉ်တွေရဲ့ ကိလေသာအညစ်အကြေးတွေကတော့ မစင်အညစ် အကြေးလောက်ရှိနေတယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လဲ ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ်။

          မင်းကြီး … စားကောင်းတဲ့သစ်သီးတစ်လုံးဟာ အပုပ်အနာတွေမကင်းဘူးဆိုရင်တောင်မှ အလွန့်အလွန်ဆာလောင်မွတ်သိပ်နေသူရဲ့ ဝမ်းမီးအပူကိုတော့ ငြိမ်းပေးနိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ပုထုဇဉ် ရဟန်းအချို့ရဲ့ အပြုအမူတွေဟာ အပုပ်အနာမကင်းတဲ့သစ်သီးလို ဖြစ်နေတယ်ဆိုစေဦးတော့၊ သံသရာတလျှောက်လုံး ကိလေသာအဆာဓာတ်တွေနဲ့  ပူလောင်နေကြတဲ့ ပုထုဇဉ်လူဝတ်ကြောင်တို့ရဲ့ စိတ်အပူဓာတ်ကိုတော့ “အရဟတ္တဇ” လို့ခေါ်တဲ့ ဘုရားအမွေတော် သင်္ကန်းရောင်ကလေးကပင် ငြိမ်းအေးစေ နိုင်ပါပေတယ်လို့ နှလုံးသွင်းလိုက်ရင် ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ် … တဲ့။

          သံဃာကို ကြည်ညိုတတ်တဲ့စိတ်ကလေး ဖြစ်ပေါ်လာစေဖို့ “ယောနိသော မနသီကာရ” လို့ခေါ်တဲ့ ကုသိုလ်ဖြစ်အောင်တွေးပုံကလေးတွေကို အရှင်နာကသေနက ဖြေဆိုပေးလိုက်တာပါ။ ဒါကို ဗုဒ္ဓဘာသာ ဝင်တိုင်း အတုယူလိုက်နာကြရင် အကုသိုလ်ကင်းပြီး ကုသိုလ်တိုးပွားနိုင်ပါလိမ့်မယ်။

————————————————————————————-

          ဒီမေးခွန်းနဲ့ဆက်စပ်ပြီးတော့ မေးခွန်းထဲမှာမပါပေမယ့် နည်းနည်းပြောချင်တာရှိပါတယ်။

          တချို့က “သံဃာဆိုတိုင်း အတုမှန်းမသိ၊ အစစ်မှန်းမသိဘဲ ကြည်ညိုလှူဒါန်းပူဇော်နေတော့ရော၊ အစစ်အမှန်မဟုတ်ဘဲ လှူဒါန်းပူဇော်တာ ဘာအကျိုးရှိမှာလဲ” ဆိုတဲ့ သံသယမျိုးလဲ ရှိတတ်ပါတယ်။ ဒါမျိုး မေးမြန်းတာလဲ ကြုံဖူးတယ်။

          ဒါနဲ့ပတ်သက်ပြီး ကြားရဖူးတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်တာပါ။

          အင်းဝခေတ်မှာ ရှင်ဘုရင်တစ်ပါးက တစ်ညမှာ အိပ်မက် ထူးထူးခြားခြားမက်တယ်။ သူ့အိပ်မက်က “ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး သူ့နန်းတော်အထိ ဆွမ်းခံကြွလာလို့ သူကိုယ်တိုင်ရဟန္တာမထေရ်မြတ်ကြီးကို

 ဆွမ်းလောင်းလှူလိုက်ရတယ်” လို့ မက်တာတဲ့။

          နောက်နေ့ ပွဲတော်တည်ဖို့ ပြင်ဆင်ပြီးရောက်လာတော့ ရှင်ဘုရင်ကြီးက သူ့အိပ်မက်ကို ပြောပြပြီး “နေကြဦး၊ မွန်းမတည့်မချင်း ငါပွဲတော်မတည်ဘူး၊ ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာရင် စားဦးစားဖျား လောင်းလှူနိုင်အောင် စောင့်မယ်” ဆိုပြီး ပွဲတော်မတည်သေးဘဲ ဒီအတိုင်းအသင့်ပြင်ပြီး စောင့်နေသတဲ့။

          အဲဒီအချိန်မှာ မြို့ပြင်က သုဿန်ဇရပ်မှာနေကြတဲ့ သူတောင်းစားလင်မယားမှာ မယားက ကိုယ်ဝန် ဆောင်ထားချိန်ဖြစ်လို့ “ရှင်ဘုရင့် ပွဲတော်အုပ်ကို စားချင်တဲ့ချင်ခြင်း” ဖြစ်သတဲ့။ သူ့ချင်ခြင်း လင်ယောက်ျားကို ပြောပြတဲ့အခါ ယောက်ျားက “နင့်ချင်ခြင်းက သေပေါက်တိုးမယ့်ချင်ခြင်းကြီးဖြစ်လို့ ငါလဲ ဘာမှမတတ်နိုင်ဘူး” ဆိုပြီး ငြင်းတယ်။

          မယားက “ရှင်ယောက်ျားဖြစ်ပြီး ဒီလောက်တောင်ညံ့ရသလား။ ရှင်မသိဘူးလား၊ ဒီနိုင်ငံကရှင်ဘုရင် ကြီးဆိုတာ ရဟန်းသံဃာကို အလွန်ကြည်ညိုတယ်။ ကဲ … ရှင်ဘာမှငြင်းမနေနဲ့။ ကျုပ်ပြောသလို လုပ်ချေ၊ ရှင့်မှာ ကတုံးလဲ တုံးပြီးသားပဲ၊ သွား … ကျောင်းတိုက်တစ်ခုခုမှာ သံဃာတော်တွေမသုံးတော့ဘဲ စွန့်ပစ် ထားတဲ့ သင်္ကန်းအိုတစ်စုံနဲ့ သပိတ်အိုတစ်လုံး ရအောင်တောင်း၊ ပြီးရင် အဲဒီသင်္ကန်းကိုရုံ၊ သပိတ်ကိုပွေ့ပြီး နန်းတော်ထဲသွားပေရော့။ ရှင်ဘုရင်ကြီးက သူ့ပွဲတော်အုပ်ကို လောင်းလှူလိုက်လိမ့်မယ်” ဆိုပြီး တိုက်တွန်းလိုက်တယ်။ ယောက်ျားခမျာလဲ ခပ်ကြောက်ကြောက်ဖြစ်ပေမယ့် မယားအကြံက ဖြစ်တော့ဖြစ်နိုင်တယ်ဆိုပြီး သူပြောတဲ့အတိုင်း လုပ်ရတော့တာပေါ့။

          အချိန်ကလဲ မွန်းတည့်ခါနီးနေပြီ၊ ရှင်ဘုရင်ကြီးကလဲ သူ့အိပ်မက်အတိုင်း ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာနိုးနိုးနဲ့စောင့်နေရာက မအောင့်နိုင်တော့ဘဲ နန်းတော်ပြတင်းနားအထိထွက်လာပြီး အပြင်ကို လှမ်းမျှော်နေတုန်းမှာပဲ … ကိုယ်တော်ကြီးက ဆံပင်ကလဲ မရိတ်တာကြာတော့ ခပ်ရှည်ရှည်ကြီးနေမှာပေါ့။ သင်္ကန်း သပိတ်တွေကလဲ အိုအို နွမ်းနွမ်းတွေနဲ့။

ရှင်ဘုရင်က ဒီပုဂ္ဂိုလ်လဲမြင်လိုက်ရော၊ “ဟေ့ … ဟေ့ … အမတ်တွေ လာကြည့်ကြစမ်း၊ ဟောဟိုက ကြွလာတဲ့ကိုယ်တော်ကြီးဟာ ဆံပင်တွေလဲ ရှည်နေပြီ၊ သင်္ကန်း သပိတ်တွေလဲ အိုအိုနွမ်းနွမ်းနဲ့၊ ဧကန္တ  တောရဆောက်တည်နေတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးဖြစ်မှာသေချာတယ်၊ ကဲ … ပွဲတော်အုပ်ကို မ ခဲ့ကြ” ဆိုပြီး ကိုယ်တိုင်လဲ နန်းတော်အောက်ဆင်း စောင့်နေလိုက်သတဲ့။

          ကိုယ်တော်ချောကလဲ ခပ်ကြောက်ကြောက်နဲ့ အိနြေ္ဒဆည်ပြီး ခပ်ဖြည်းဖြည်းလျှောက်လာလို့ နန်းတော်ရှေ့လဲရောက်ရော ရှင်ဘုရင်ကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ ပွဲတော်စာတွေ သပိတ်နဲ့အပြည့် လောင်းလှူလိုက်သတဲ့။

          ကိုယ်တော်ကြီးလဲ ကြွသွားရော ရှင်ဘုရင်က သူ့အိပ်မက်ဘယ်လောက်ထိမှန်သလဲ ဆိုတာသိရအောင်  အမတ်တစ်ယောက်ကိုခေါ်ပြီး “ကိုယ်တော်ကြီးနောက်က မယောင်မလည် မျက်ခြည် မပြတ်လိုက်ကြည့်စမ်း၊ ရဟန္တာမထေရ်မြတ်ကြီးတွေဆိုတာ တောရပ်မှာနေကြတာ၊ မြို့ပြင်ရောက်ရင် ဈာန်အဘိဉာဉ်နဲ့ ကောင်းကင် ကို ပျံတက်ချင်တက်သွားလိမ့်မယ်” ဆိုပြီး လိုက်ကြည့်ခိုင်းသတဲ့။

          ကိုယ်တော်ကြီးက မြို့ပြင်လဲရောက်ရော “အသက်ဘေးကတော့ လွတ်ပြီဟဲ့” ဆိုပြီး ခပ်သွက်သွက်နဲ့ သုဿန်ဘက်ကို သုတ်ခြေတင်တော့တယ်။ အမတ်ကလဲ ခပ်သွက်သွက်နဲ့ မျက်ခြည်မပြတ် လိုက်ချောင်းရ တော့တာပေါ့။ သုဿန်ဇရပ်လဲရောက်ရော ကိုယ်တော်ကြီးက သူ့မယားကို “ကဲ … မင့်ချင်ခြင်းတော့ရခဲ့ပြီ၊ ကံကောင်းလို့ ခေါင်းမပြတ်တာပေါ့ကွာ” လို့ပြောရင်း သပိတ်ကို မယားလက်ထဲအပ်၊ သူလဲ အဝတ်တွေလဲပြီး သင်္ကန်းတွေကိုတော့ မြေထဲ ယက်ပြီး ဖို့ပစ်လိုက်တော့သတဲ့။

          ဒါကို အစအဆုံးမြင်နေရတဲ့အမတ်က “အင်း … ငါမြင်ရတဲ့အတိုင်းသာ ရှင်ဘုရင်ကြီးကို သံတော်ဦး တင်လိုက်ရင် ရှင်ဘုရင်ကြီးလဲ ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ သူ့စေတနာတွေပျက်သွားမယ်။ ဒီသူတောင်းစား လင်မယားလဲ ဇက်ပြတ်ကုန်တော့မှာပဲ” လို့တွေးပြီး အဆင်ပြေအောင် သံတော်ဦးတင်ဖို့ စဉ်းစားရင်း နန်းတော်ကို ပြန်လာတယ်။

          မြန်မာတွေ အမှတ်အပြောမှားနေတဲ့ စကားပုံတစ်ခုရှိတယ်။ “မုသားမပါ၊ လင်္ကာမချော” ဆိုတာပေါ့။ အမှန်က “မုတမပါ လင်္ကာမချော”လို့ ဆိုတာပါ။ “ဒိဋ္ဌ၊ သုတ၊ မုတ” ဆိုတာရှိတယ်။

          ဒိဋ္ဌ … ဆိုတာ မျက်ဝါးထင်ထင်မြင်ရတာ။ သုတ … ဆိုတာ နားနဲ့ဆတ်ဆတ်ကြားရတာ။ မုတ … ဆိုတာကတော့ အဲဒီ မြင်ရကြားရတာကို အချိန်အခါ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အသုံးချဖို့ နှိုင်းယှဉ်စဉ်းစားတာကို ပြောတာပါ။ “အဲဒီ မုတ ပါမှ အဆင်ပြေချောမွေ့မယ်” လို့ ဆိုလိုတဲ့စကားပုံပါ။

          အခုလဲ အမတ်က အဆင်ပြေချောမွေ့အောင်၊ နှစ်ဦးနှစ်ဘက်အကျိုးမယုတ်အောင် ဘယ်လိုလျှောက်တင်ရမလဲလို့ စဉ်းစားနေတာ။ နန်းတော်ပြန်ရောက်တော့ ရှင်ဘုရင်ကြီးက ပွဲတော်တောင် မတည်နိုင်သေးဘူး။ သူလွှတ်လိုက်တဲ့ အမတ်ပြန်အလာကို မျှော်ရင်းစောင့်နေတာ။ အမတ်လဲပြန်ရောက်လာ ရော သံတော်ဦးတင်တာကိုတောင်မစောင့်နိုင်တော့ဘူး၊ “ဘယ့်နှယ်လဲအမတ်ကြီး၊ ငါကိုယ်တော်အိပ်မက်မြင် တဲ့အတိုင်း အမှန်ပဲမဟုတ်လား” ဆိုပြီး အလောတကြီးမေးတော့တာပဲ။

          အမတ်ကြီးက “မှန်လှပါ … အရှင်မင်းကြီးအမိန့်တော်အတိုင်း ဘုရားကျွန်တော်မျိုး မျက်ခြည်မပြတ် လိုက်ကြည့်တဲ့အခါ သုဿန်ဇရပ်လဲရောက်ရော သင်္ကန်းရောင်ပျောက်သွားပါတယ်ဘုရား” လို့ သံတော်ဦးလဲ တင်လိုက်ရော ရှင်ဘုရင်ကြီးက ဝမ်းသာအားရနဲ့ “ငါဟဲ့ယောက်ျား၊ လောကမှာ ငါလို ရဟန္တာစစ်စစ်ကို ဆွမ်းလောင်းလှူခွင့်ရတဲ့လူ ခုအချိန်မှာ ဘယ်သူရှိနိုင်သေးတုံး” ဆိုပြီး လက်ခမောင်းခပ် ဝမ်းသာနေလိုက်တာ အဲဒီတစ်နပ် ပွဲတော်တောင် မတည်နိုင်တော့ဘူးတဲ့။

          အဲဒီနေ့ညနေစောင်းမှာပဲ တခြားပြည်နယ်တစ်ခုက ဆင်ဖမ်းသမားတွေက ဆင်ဖြူတော်တစ်ကောင် ရလို့ဆိုပြီး ရှင်ဘုရင်ကြီးကို လာဆက်သတဲ့။ အဲဒီရှင်ဘုရင်ကြီးလဲ ဆင်ဖြူရှင်မင်းတရားကြီးအဖြစ် ထင်ရှား သွားသတဲ့။ မုတပါလို့ လင်္ကာချောသွားတဲ့သဘောလို့လဲ ယူဆနိုင်မယ်ထင်ပါတယ်။

          ဒီနေရာမှာ ပြောလိုရင်းကတော့ ဗုဒ္ဓဘာသာဝင်တော်တော်များများကပဲ အလှူတစ်ခုအကျိုးကြီးဖို့ ဆိုတာ “အလှူခံပုဂ္ဂိုလ် မြင့်မြတ်ဖို့ အရေးကြီးတယ်” ဆိုပြီး အလှူခံပုဂ္ဂိုလ် မြတ်၊ မမြတ် ရွေးချယ်တတ်ကြသူ တွေ များနေတယ်။ ပါရမီတော်အရပြောရင် “ပုဂ္ဂိုလ်ယုတ်မြတ် ရွေးချယ်လှူတဲ့ဒါနဟာ ပါရမီမမြောက်ဘူး” လို့ ဆိုပါတယ်။ (မြန်မာလိုကြည့်ချင်ရင် တိပိဋကဆရာတော်အရှင်သုမင်္ဂလာလင်္ကာရရေးတဲ့ “ပါရမီ”ဆိုတဲ့ စာအုပ်မှာကြည့်ပါ။)

          မြတ်စွာဘုရားကလဲ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ= ပေးလှူပြုလုပ်သူရဲ့ စေတနာကိုသာ ကံလို့ ငါဘုရား ဆုံးမတယ်” လို့ မိန့်ကြားထားပါတယ်။

          အခုပြောခဲ့တဲ့ ဆင်ဖြူရှင်မင်းကြီးဆိုတာ ကိုလဲ “ဒါဟာ ဒဏ္ဍာရီတွေပါ၊ ဟုတ်ချင်မှ ဟုတ်မှာပါ” လို့ သံသယဖြစ်သူလဲ ရှိကောင်းရှိနေဦးမယ်ထင်ပါတယ်။

          ခိုင်မာထင်ရှားတဲ့ သာဓကတစ်ခုအဖြစ်နဲ့ ဝေဿန္တရာမင်းကြီးရဲ့ သားတော်၊ သမီးတော်တို့ကို လှူဒါန်းတဲ့အလှူပွဲကို အသေအချာ လေ့လာကြည့်ပါ။ ဒီအလှူပွဲဟာ ကြီးကျယ်မြင့်မြတ်လွန်းတဲ့အတွက် မြေကြီးကတောင် သာဓုခေါ်သည့်အလား သိမ့်သိမ့်တုန်အောင် ခုနှစ်ကြိမ်လှုပ်တယ်လို့ဆိုပါတယ်။ ဒီအလှူပွဲမှာ အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ဇူဇကာပုဏ္ဏားကြီးဆိုတာကတော့ အသက်ကြီး ကြီးမှ မယားငယ်ငယ်လေး ကို ယူထားတဲ့ ကိလေသာအိုး အလှူခံဆိုးကြီးဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။

          ကဲ … ဒီလောက်ဆို သံဃာကို ကြည်ညိုတတ်အောင် ဘယ်လိုစိတ်ထားရမယ်ဆိုတာလဲ သဘောပေါက်လောက်ပါပြီ။

ကုသိုလ်ဖြစ်အောင် စိတ်ထားတတ်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)